Search This Blog

Thursday, March 7, 2013

“လူငယ်”






ချွန်ထက်တဲ့ဆူးတွေရှိတယ်
ဝယ်ယူပြီးစားသုံးမရတဲ့ ရင်ထိုးတွေရှိတယ်
ငါတို့လူငယ်တွေဖြစ်တယ်
အခန်းနံရံမှာ ရန်းဆစ်ဒ်အလံကပ်ပြီး
ရာမုန်းနဲ့ ကတ်ကိုဘိန်းအကြောင်းပဲ
အမြဲပြောနေကြတယ်
ငါတို့လူငယ်တွေဖြစ်တယ်
ငွေကြေးနဲ့ကျော်ကြားမှုကို မက်မောတယ်
ဆူညံပေါက်ကွဲတဲ့ခေတ်ကို ဖန်တီးဖို့ကြိုးစားတယ်
ငါတို့လူငယ်တွေဖြစ်တယ်
အမှားတစ်ခုကို အခါခါမှားတယ်
နောက်ပေါ်တဲ့အမှားတွေ လက်ဆင့်ကမ်းမှားကြတယ်
ငါတို့လူငယ်တွေဖြစ်တယ်
ပရမ်းပတာဘ၀တွေရဲ့ ဥပမာကောင်းတွေဖြစ်တယ်
ရတဲ့ဘ၀မှာ မတင်းတိမ်နိုင်ကြသူတွေဖြစ်တယ်
ငါတို့လူငယ်တွေဖြစ်တယ်
အိမ်အပြင်ကကောင်တွေက အိမ်ကိုလွမ်းပြီး
အိမ်ထဲကကောင်တွေက လမ်းသလားချင်နေတယ်
ငါတို့လူငယ်တွေဖြစ်တယ်
ရေလိုက်လွဲတဲ့ နေမှုပုံစံနဲ့
ကမ္ဘာကို ကော်ပီကူးဖို့ ကြိုးစားနေတယ်
ငါတို့လူငယ်တွေဖြစ်တယ်
ငါတို့ ဘယ်က လာခဲ့ကြသလဲ
ငါတို့ ဘယ်ကို သွားနေကြသလဲ
ဘွဲ့လက်မှတ်ကို အံဆွဲထဲထည့်လိုက်ကြတယ်
လွန်ခဲ့တဲ့ဆယ်နှစ်ကို လာမယ့်ဆယ်နှစ်ထက်ပိုချစ်တယ်
အသက်သာ တဖြည်းဖြည်းကြီးလာတယ်
ငါတို့ လူငယ်တွေ ဖြစ် နေ တုန်း ပဲ။ ။


လူစိုး

No comments:

Post a Comment