Search This Blog

Wednesday, March 20, 2013

ကျွန်တော်တို့ အိမ်ဦးခန်းမှာ သူတို့ရှိမနေတော့ဘူး



ဒေါက်တာခင်မောင်ညိုရဲ့ “ကျွန်တော်တို့ဆရာတွေ ဘယ်ရောက်ကုန်ပြီလဲ”စာအုပ်ကို ဖတ်ပြီးတော့ စိတ်ထဲမယ် အတော်လေးမကောင်းဖြစ်မိပါတယ်။ ကျောင်းဆရာဘ၀မှာ မိသားစုကို တာဝန်ယူနိုင်စွမ်း မရှိတာကြောင့်၊ အိမ်ထောင့်တာဝန်တွေကို မဦးဆောင်နိုင်တော့တာကြောင့်လို့ 
ထောက်ပြသွားပါတယ်။ ကလေးတွေမှာ အထူးသဖြင့် ယောက်ျားလေးတွေမှာ သူတို့ စံပြုစရာ၊ အတုယူစရာ ကျောင်းဆရာတွေ လိုအပ်တယ်လို့ ဆရာက သူ့ဆောင်းပါးထဲမှာ ရေးထားပါတယ်။ 

ကျွန်တော်တို့ ကျောင်းသားဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့ဆရာမျိုးတွေနဲ့ ခုနောက်ပိုင်းကလေးတွေ တွေ့ခွင့်မရတော့တာ ဘယ်လိုဆိုးကျိုးတွေနဲ့ ကြုံရနိုင်သလဲဆိုတာ စာရေးကောင်းတဲ့ဆရာ တစ်ယောက်ယောက်က ရေးပြနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။

သေချာတဲ့ဘ၀အာမခံချက်မရှိခြင်းဟာ ကျောင်းဆရာတွေရဲ့ ရပ်တည်မှုကို စိန်ခေါ်ခဲ့သလို၊
ခေတ်ပညာတတ်အမျိုးသားတွေရဲ့ အလုပ်အကိုင်ရွေးချယ်မှုမှာ ကျောင်းဆရာအလုပ်ကို ထည့်မစဉ်းစားတော့တဲ့အနေအထားကို ရောက်ရှိစေခဲ့ပါပြီ။

စာသင်ကျောင်းတွေမှာ ယောက်ျားသားကျောင်းဆရာမရှိတော့တဲ့အတွက် ကလေးတွေရဲ့ စည်းကမ်းပိုင်းထိန်းသိမ်းဖို့ ပိုခက်ခဲသွားသလို ကလေးတွေ (အထူးသဖြင့် ယောက်ျားလေးတွေမှာ) သူတို့အတွက် စံနမူနာယူစရာ၊ လေးစားအားကျစရာ သိပ်နည်းသွားပါတယ်။

ဆရာမတွေရဲ့ အခန်းကဏ္ဍကို ထည့်မစဉ်းစာတာမျိုးမဟုတ်ကြောင်းပါခင်ဗျာ။ ကလေးတွေကို ကျောင်းပညာရပ်တွေ သင်ပေးနေရုံနဲ့ မလုံလောက်ဘူးဆိုတာ သိသာလွန်းပါတယ်။ သူတို့ဘ၀တွေကို သူတို့ကျောင်းနဲ့ သူတို့တပည့်တွေအပေါ်မှာ မြုပ်နှံထားနိုင်တဲ့၊ သူတို့နေထိုင်တဲ့ အရပ်ဒေသအပေါ်မှာပါ သြဇာညောင်းတဲ့ ကျောင်းဆရာတွေ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ တကယ်လိုအပ်ပါတယ်။ ဒီလို ထုံးတမ်းဓလေ့မျိုးဟာ ကျွန်တော်တို့ဆီမှာ တစ်ချိန်က အခိုင်အမာ ရှိခဲ့ပါလျက်နဲ့ စားဝတ်နေရေး အခက်အခဲဆိုတာကြောင့် ပျက်ပြယ်သွားရတာ မဖြစ်သင့်ဘူးလို့ ယူဆမိလို့ပါ။

ငယ်ဘ၀မှ ဆရာအပေါင်းနဲ့ ဒီဆောင်းပါးရဲ့ မူလပိုင်ရှင် ဆရာဒေါက်တာခင်မောင်ညိုကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ရေးပါတယ်။
ဓာတ်ပုံကို google images ရဲ့ Search box မှာ "teacher in Myanmar" လို့ ရိုက်ပြီးရှာတဲ့အခါ ကျွန်တော့်မျက်စိတစ်ဆုံး ဒီပုံတစ်ပုံမှာပဲ ဆရာတစ်ယောက်ပါတာ တွေ့ပါတယ်။
သူဟာ နောက်နားမှာ မတ်တပ်ကလေးရပ်လို့ပါလား။

စိုးထိုက်

No comments:

Post a Comment