ခေတ်သစ်ကျွန်
တစ်နေ့က ကျနော့်ဆေးခန်းလေးကို ရင်ကျပ်ပန်းနာနဲ့
လာပြနေကျ လူနာတစ်ယောက် လာပါတယ်။ သူတို့လင်မယားက သမီးကမွေးတဲ့ မြေးမလေးနဲ့
သုံးယောက် သဲကွင်းခေါ်တဲ့ ရွှေပေါက်ကံအ၀င်ဝက ငမိုးရိပ်ချောင်းဘေးမှာ
နေကြသူတွေပါ။ သူတို့က သဲလှေမော်တော်နဲ့ တစ်နေ့ကို နှစ်ခေါက် ချောင်းအတိုင်း
မြစ်သုံးခွဆုံနားက ရန်ကုန်သောင်မှာ သဲသွားစုပ်တဲ့အလုပ်ကို
နေ့စဉ်လုပ်ကြသူတွေပါ။ သူတို့ မိန်းမတွေကလည်း သဲထမ်းကျောက်ထမ်းအလုပ်
ဝင်လုပ်ကြသူတွေပါ။ သူတို့သူဌေးပိုင်တဲ့ကွင်းထဲမှာပဲ
တစ်ခြားအလုပ်သမားတွေနဲ့အတူ ဆယ်ပေပတ်လည်လောက် တဲလေးတွေ ထိုးပြီးနေကြပါတယ်။
သူရောဂါပြန်ဖြစ်တဲ့ညက သဲမော်တော်ဆိုက်ပြီး ကမ်းပေါ်စုပ်တင်ပြီး
တဲပြန်အိပ်ကြတော့ပဲ ည ၁၂နာရီလောက် ရှိနေပါပြီ။ တစ်နာရီလောက်မှာ သူဌေးက
ဘိလပ်မြေကားရောက်တယ်။ ညတွင်းချင်း အပြီးချရမယ်ဆိုပြီး လာနှိုးပါသတဲ့။
အဲဒီအလုပ်က တောင်ဒဂုံမှာပါ။ ဒါနဲ့ ထလိုက်သွားပြီး ဘိလပ်မြေအိတ် ၁၀၀၀ကို
ထမ်းချလိုက်တာ လင်းခါနီးမှပဲ ပြီးပါတယ်။ မိုးလင်းတော့ ကျနော့်ဆီ
ရောက်လာတဲ့အခါ သူ့လက်တွေက ပေါက်ပြဲပြီး ရောင်ကိုင်းနေတာပါပဲ။ ဒီထက်ဆိုးတာက
သူ့ရင်ဘက်နှစ်ခုလုံးကနေ ရင်ကျပ်လို့ ထွက်နေတဲ့ ရွှီ ရွှီ အသံက
နားကျပ်မတတ်ဘဲကို အတိုင်းသားကြားနေရတာပါ။ ကျနော်လည်း ကျနော့်မှာရှိတဲ့ ဆေး၊
ကျနော်တတ်သလောက် ပညာလေးနဲ့ ကြိုးစားပေးလိုက်တာ နာရီဝက်လောက်မှာပဲ
သူနည်းနည်းတော့ သက်သာလာပြီး စကားကို လေသံတစ်ဆက်တည်း ပြောနိုင်လာပါတယ်။
သူကျနော့်ကို မေးတာ တစ်ခုတည်းပါ။ သူ့လက်တွေ အရောင်ကျဘယ်တော့ ကျမလဲတဲ့။ သူ
ဒီည မော်တော်ပြန်လိုက်ရမှာမို့ပါ။ ကျနော်သူ့ကို နောက်တစ်ခေါက်
ဘိလပ်မြေတွေသယ်ရင် နှာခေါင်းကို အ၀တ်နဲ့ လုံအောင်စည်းဖို့၊ မြစ်ပြင်ထဲ
ညတွေဆို အရမ်းအေးတာမို့ ညဖက်တစ်ခေါက်ကို မလိုက်ဖို့ ပြောတာတွေ
သူမကြားပါဘူး။ သူ့မိန်းမကို ကျနော် သေသေချာချာ ရှင်းပြပါတယ်။
ရင်ကျပ်ပန်းနာသမားက အမှုန်တွေ၊ အအေးဒဏ်တွေကို မခံသင့်တဲ့အကြောင်းတွေကိုပေါ့။
သူ့မိန်းမက ကျနော့်ကို ပြန်ပြောသွားတဲ့စကားက "သူ့ဝင်းထဲနေပြီး သူ့အလုပ်
လုပ်နေရတာဆရာ၊ မတတ်နိုင်ဘူး" တဲ့။
ဘယ်သူက တတ်နိုင်ပါသလဲ။
သူ့ရောဂါနဲ့ ပတ်သက်ပြီး မှာတာတွေကိုတောင် သူတို့ လက်မခံနိုင်လောက်အောင် ခက်ခဲပင်ပန်းကြီးစွာ အသက်မွေးဝမ်းကြောင်းနေကြသူတွေကို
အလုပ်ရှင်ဆိုတာ အလုပ်သမားကို အလုပ်ချိန်အတွင်းပဲ ပိုင်တယ်။
အလုပ်သမားတစ်ယောက်ရဲ့ အခြေခံအခွင့်အရေးတွေက ဘာတွေပါလို့ပြောဖို့ ကျနော်တော့
မတတ်နိုင်ပါ။ သူတို့ သာရေး နာရေးကအစ အရာအားလုံးကို တာဝန်ယူထားတဲ့
သူတို့အလုပ်ရှင် သူဌေးက သူတို့အတွက် နေစရာ အလုပ် အားလုံး ဖန်တီးပေးထားတဲ့သူ
ဖြစ်နေတော့ နောက်တစ်ခါ သူရင်ကျပ်ပြန်တဲ့အခါ ကျနော့်မှာ သူလိုအပ်မယ့်
ဆေးတွေ အဆင်သင့်ရှိနေအောင် စုဆောင်းထားဖို့ကလွဲလို့ ကျနော် ဘာမှ
မတတ်နိုင်ပါ။ အမြဲတမ်း သူရင်ကျပ်လာတိုင်း ကျနော်က ကုပေးလိုက်ရင်
ကောင်းသွားနေကျမို့ နောက်တစ်ခါ ကျနော်ကုပေးပြီးရင်လည်း ကျနော်က
ကောင်းသွားမှာပါလို့ မပြောလည်း သူ ကျနော့်ကို ကောင်းသွားမယ်မလား ဆရာလို့
မေးတဲ့အခါ ရင်ကျပ်ပန်းနာရောဂါဟာ ဘယ်တော့မှ အရှင်းမပျောက်တဲ့အကြောင်း၊
သူ့နောက်ဆက်တွဲတွေအနေနဲ့ ဘာတွေဖြစ်တတ်တယ်ဆိုတဲ့အကြောင်းတွေ ပြောပြဖို့ ကျနော် တတ်နိုင်ပါ့မလား ကျနော့်ကိုယ်ကျနော် ပြန်မေးနေမိပါတယ်။
လူစိုး
No comments:
Post a Comment