ပထမတစ်ခါလာတုန်းက
ထုံချိုင်းဟာ “ဂျင်းဘောင်းဘီ”နဲ့
ရန်ကုန်ကို ဖြတ်လျှောက်သွားခဲ့တယ်
ထုံချိုင်းဟာ ဗျူဟာကောင်းတယ်
သူမလာခင်
ခေါက်စားပွဲတွေ၊ ကုလားထိုင်တွေ
အုပ်ဆောင်းတွေ၊ ဂတ်စ်မီးဖိုတွေ
ပန်းကန်ပြားတွေ၊ အကြော်ခံဆီတွေ
အရင်လွှတ်လိုက်တယ်
ငါတို့ကလည်း နည်းနည်းနုံတော့
ဒီကောင်တွေ အိမ်ထဲဝင်လာတာကို
အသာလေး ကြည့်နေလိုက်တယ်
ဒီတစ်ခါ ထုံချိုင်းဟာ ကိုရီးယားယောင်ဆောင်ပြီး
တီဗွီကနေ လူတွေကို အယုံသွင်းတယ်
ပြီးမှ နည်းနည်းချင်း မြ၀တီဖက်က ပတ်ဝင်တယ်
ရန်ကုန်မှာ တရုတ်တန်းကို အရင်သိမ်းတယ်
ကျောက်မြောင်း ကျတယ်
နောက် စမ်းချောင်း ကျတယ်
တစ်မြို့လုံးကုန်တာပါပဲ
နောက်ဆုံး ခေတ်မီသူတိုင်း ထုံချိုင်းဖြစ်ကုန်တယ်
ကလေးတွေရနေပြီဖြစ်တဲ့ ဂျင်းဘောင်းဘီမျိုးဆက်ဟာ
ဒုတိယထုံချိုင်းကို ဇဝေဇ၀ါနဲ့ လက်ခံလိုက်ရတယ်
ပထမ ထုံချိုင်းက ပြုံးပြုံး ပြုံးပြုံးနဲ့
အဆိုအကတွေက သေလို့ရတယ်
ကဲ ခု ဒုတိယထုံချိုင်းကရော....
မေးမနေနဲ့ဟေ့!
အဲ့မှာ အသရေဖျက်ခံထားရတဲ့
ကြက်၊ ၀က်၊ ငါးဖယ်၊ ပုဇွန်၊ ဂဏန်း၊ ကြက်ဥ
ကြိုက်တာကို ပြော ကြော်ထည့်လိုက်ရုံ
အချဉ်ကို အချို၊ အစပ်ခွဲထားတယ်
အရသာဟာ ငရုတ်ဆီနဲ့ပဲဆိုင်တယ်
အားလုံးဟာ ထုပ်ထုပ် ထုပ်ထုပ်
မစားဘူးသေးရင် စားကြည့်
အဟာရအကြောင်း မပြောနဲ့
ဘေးထွက်ဆိုးကျိုးအကြောင်း မပြောနဲ့
မ၀ဘူး ပြည့်သွားမယ်
ထုပ်ထုပ် ထုပ်ထုပ်
ဂျီစထရင်းနဲ့စတော့ကင်းတို့ရဲ့
ခေတ်ပျက်မြို့တော်ဟာ
အခြားအပေါစားတွေနဲ့အတူ
ထုံချိုင်းကို မွေးစားလိုက်တယ်
ထုံချိုင်းကလည်း သူကိုရီးယားမဟုတ်ကြောင်း
နောက်ဆုံးမှာ ၀န်ခံလိုက်တယ်
ကလေးတစ်ယောက်ကို အတုအကြောင်းရှင်းပြနိုင်တဲ့ထုံချိုင်း
ပျောက်သလိုလုပ်ပြီး ပြန်ပေါ်လာတဲ့ထုံချိုင်း
နေ့ခင်းလောက်ဆို လမ်းထိပ်ထွက်ပြီး
စားပွဲတစ်လုံးပေါ်တက်ထိုင်
အုပ်ဆောင်းလေးနဲ့
ယင်တောင် မောင်းပေးထားရသေးတဲ့
ထုံချိုင်းဟာ ရန်ကုန်သမိုင်းကို
ထုပ်ထုပ် ထုပ်ထုပ်နဲ့
ဘယ်လိုပြောရမှန်းမသိအောင် လုပ်သွားတယ်ကွယ်။
လူစိုး
No comments:
Post a Comment