Search This Blog

Sunday, March 24, 2013

ဒီမိုကရေစီနဲ့ မေးထူးခေါ်ပြော ဘ၀ပါ



လောင်နေတဲ့မီးတွေထက် ဘာကပိုပြီး ပူရဦးမလဲ 
အဆံချောင်တွေ အလေနတောတွေ ရွှေ့တဲ့အကွက်ထဲ
နောက်ပိုင်းမှာ ခါးအောက်ပိုင်းတွေပါလာတဲ့
ဒုဂ္ဂတိဘုံက ဝရုန်းသုန်းကားထဲ 

ပြေးဝင်မိသလား
သွေးတွေ မျက်ရည်တွေ
ကမ္ဘာပျက်ခြင်းရဲ့ နိဒါန်းတေးသံတွေ
သံချေးနံ့တွေ ရနေလား
သွေးတွေက နားထင်ကိုဖြတ် ပါးကိုဖြတ် 

မေးဖျားကနေ ရင်ဘတ်ပေါ် စီးကျနေခဲ့တယ်
ဘယ်ညာလှည့်ကြည့်လို့ ရသေးလား
ဦးနှောက်က အလုပ်မလုပ်တော့ဘူးထင်တယ်
တစ်ယောက်က တစ်ရာ 

သန်းခြောက်ဆယ်ထဲ
သူတို့ပဲ တဝင်းဝင်းတောက်လို့ 

ရှို့ရင်လောင်တာချည်းပဲ 
ဗလီမှမဟုတ်ဘူး လူမှမဟုတ်ဘူး
ဘဝတွေရော မျှော်လင့်ချက်တွေရောပဲ
အားလုံး ကြောက်နေကြရတယ် 

လူတစ်စုကို မထိန်းနိုင်ဘူး 
လူတစ်စုကပဲ မြန်မာပြည်အနှံ့ ကျေးလက်မြို့ပြမကျန် 
လိုက်ရိုက်သတ်နေတာ မီးတင်ရှို့နေတာ 
ဒါဘာသာရေးစစ်ပွဲလား
လူမျိုးရေးပဋိပက္ခလား
ကလေးငယ်တွေနဲ့ အမေအိုတွေ
အထုပ်ကလေးတွေ ပိုက်ပြီးပြေးနေတယ်
အနောက်မှာ ပြေးရတယ်
မြောက်မှာလည်း ပြေးရတယ်
အခု အလယ်မှာလည်း ပြေးရပြီ
အောက်မှာ ဘယ်တော့များ ပြေးရမလဲ ထိတ်လန့်နေရ
လူက လူကို လွယ်လွယ်သတ်ရဲပြီဆို
ခေတ်ပျက်ပြီလို့မှတ်
ခင်ဗျားတို့ရဲ့ နေရှင်နယ်လစ်ဇင်မ်မှာ နှပ်ချေးတွေ အထပ်ထပ်နဲ့ 
မုသားကိုမှ မုသားမှန်းမသိရင်လည်း 

ဘာသာရေးအကြောင်းမပြောနဲ့
မဆဲပါနဲ့ အိမ်တွေမီးတင်မရှို့ပါနဲ့
လူမသတ်ကြပါနဲ့
မေတ္တာအထားနိုင်ဆုံး ဘာသာတရားကို 

သွေးပေနေတဲ့လက်တွေနဲ့ လာမထိကြပါနဲ့
ငါဘယ်ရောက်နေလဲ
ငါဘာလုပ်မိလဲပဲ တွေးပါ
လူတစ်စုကို ထိန်းမနိုင်တာနဲ့
တိုင်းပြည် ချောက်ထဲမကျအောင်ကယ်ဖို့
ဟိုကားထဲက မင်းသားကြီး
မြင်းကို ကုန်းနှီးတပ်နေတာကို
ကျုပ်တို့မှာ မလူးသာမလွန့်သာ ထိုင်ကြည့်နေရလို့ပါ 

လက်တစ်ဖက်နဲ့ ကျန်လက်ချောင်းလေးချောင်း ဆုပ်ကိုင်ထားဆဲ ပါဝါကို
လက်သန်းလေး အသာလေးပြန်ကွေးသွားမှာ
ရင်ဖိနေရလို့ပါ
အကျွမ်းတဝင်ရှိချင်လှပါရဲ့
အိုဘယ့် ဒီမိုကရေစီ။ ။

လူစိုး
 

No comments:

Post a Comment