Thursday, March 7, 2013

"အိမ်ရှင်အဖွားကြီး"


တောအုပ်တွေ
တောင်တန်းတွေ
မြက်ခင်းတွေ စိမ့်စမ်းတွေနဲ့
မျှခြေတစ်ခုမှာ ပျော်နေခဲ့တဲ့ကမ္ဘာဟာ
လူသားကိုမှ အိမ်ငှားတင်မိတယ်
လူက ကိုယ်တိုင် အစာမချက်လုပ်နိုင်ဘူး
ဒီတော့ ကမ္ဘာထဲရှိသမျှ အကုန်လှန်လှော စားသောက်ပစ်တယ်
လူက ဖြစ်သလို မဝတ်တတ်ဘူး
ဒီတော့ ကမ္ဘာထဲရှိသမျှ အကုန်ချွတ်ယူဝတ်ဆင်ပစ်တယ်
လူက ရာသီဥတုဒဏ်ကို ခံနိုင်ရည်မရှိဘူး
ဒီတော့ ကမ္ဘာထဲရှိသမျှ အကုန်ခုတ်ထွင်ခန်းဖွဲ့ ပစ်တယ် တစ်ယောက်စ နှစ်ယောက်စ ပြသနာသိပ်မရှိခဲ့ပေမယ့်
ရာနဲ့ချီ ထောင်နဲ့ချီလာတော့
မကာမိတဲ့ ကမ္ဘာအမိခမျာ
မှားမှန်းသိသိ တင်ထားရှာတယ်
စုဆောင်းထားသမျှ အတွင်းပစ္စည်းတွေလည်း
တူးယူ ထွင်းယူကြသူတွေလက်ချက်နဲ့
ကုန်လုလုဖြစ်နေပြီ
စူးစမ်းရှာဖွေတတ်တဲ့လူတွေ တီထွင်ဖန်တီးတတ်တဲ့လူတွေက
'လူနေမှုဘဝ'ဆိုတဲ့ စကားလုံးကို တီထွင် တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် မြှင့်ကြသမျှ
လူသားမျိုးနွယ်ကောင်းစားရေးမှာ
သိမ်းကျုံးခါးစည်းခံနေရတဲ့ကမ္ဘာ
အယူအဆမတူတဲ့လူတွေ မူဝါဒမတူတဲ့လူတွေက
'စစ်ပွဲ'ဆိုတဲ့စကားလုံးကို ဖန်တီး
ထိကြ ငြိကြ မီးပွင့်ကြသမျှ
ရှာရင်းပျောက်နေတဲ့ အမှန်တရားမှာ
အိုးပစ် အိမ်ပစ် ဒုက္ခသည်ကမ္ဘာ မိုးမျှော်တိုက်တွေနဲ့ကမ္ဘာ
ဖိုးဂျီနဲ့သရီးဒီတို့ရဲ့ကမ္ဘာ
မီးခိုးခေါင်းတိုင်တွေနဲ့ကမ္ဘာ
ပလတ်စတစ်နဲ့ရိုဘော့တို့ရဲ့ကမ္ဘာ
အက်ကွဲကြောင်းတွေနဲ့ကမ္ဘာ ဆူပွက်မီးတောင်တို့ရဲ့ကမ္ဘာ
ရေနစ်တော့မယ့်ကမ္ဘာ
ရေပြတ်နေတဲ့ကမ္ဘာ
လေတောင်ဝအောင် မရှူရတဲ့ကမ္ဘာဟာ
သူ့အသက်ကို ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ထားရှာတယ်။
လူစိုး (အောင်ပင်လယ်သဘာဝပတ်ဝန်းကျင်မဂ္ဂဇင်း၊ မတ် ၂၀၁၂)

No comments:

Post a Comment