အပြန်သင်္ဘောပေါ်မှာ ဦးလေးဖြစ်သူက ကျွန်တော့်ကို သူနဲ့ကျွန်တော့်အဖေတို့ရဲ့ ငယ်သူငယ်ချင်း ဦးလေးကြီးတစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။
ဒါ ကိုKyi Win သားလေ တဲ့။
အဲ့ ဦးလေးကြီးက ကျွန်တော့်ကို မေးတယ်။
"သား အဖေနဲ့အမေ ဘယ်သူ့ကို ပိုချစ်လဲ" တဲ့။
ဘုရားရေ!
လွန်ခဲ့တဲ့ နှစ်၂၀ကျော်က နောက်ဆုံးအမေးခံရတဲ့ မေးခွန်းကို အသက်၃၀ကျွန်တော့်မှာ ဘာပြန်ဖြေလို့ ဖြေရမှန်းမသိ။
ပြီးတော့ ဆက်ပြောလိုက်သေး..
အဖေ့ကို ပိုချစ်ပါ တဲ့။
မဟာပုရိသကြီးပါလားနော်!
တောမှာကတော့ အရင်အတိုင်းပါပဲ။
ကျွန်တော့်ကို မနေ့တစ်နေ့ကမှ မွေးတဲ့ကလေးလို ဆက်ဆံကြတာကို အပြစ်မပြောနဲ့။
ရန်ကုန်မှာ ဆရာကြီးလာလုပ်နေတဲ့ အဖေ့ကိုတောင် မောင်ကြည်ဝင်းဆိုပြီး ခေါ်ဆုံးမတဲ့သူတွေ တစ်ပုံကြီး ကျန်သေးတယ်။
ပြန်မဖြေခဲ့ပေမယ့် တစ်ညလုံး တွေးတာ မနက်မှ အဖြေထွက်ပါတယ်။
ကျွန်တော့် အနိမ့်အမြင့်တွေတိုင်းမှာ ကျွန်တော်နဲ့အတူတူ ရင်ဆိုင်ခဲ့တဲ့
ကြုံလာတဲ့အခက်အခဲတိုင်းမှာ ကျွန်တော့်ရှေ့က အမြဲရပ်တည်ပေးခဲ့တဲ့
မိဘနှစ်ပါးလုံးဟာ ကျွန်တော့်ဘဝမှာ မရှိမဖြစ် အရေးပါကြသူတွေချည်းပါပဲ။
ငယ်ငယ်က အမေ ပြောခဲ့ဖူးတာလေးတစ်ခု ရှိတယ်။
သားကို ချစ်တာတူရင်တောင် အဖေက အမြော်အမြင်ပါတယ် တဲ့။
ကျွန်တော်ကတော့ သူ့တစ်ဘဝလုံးကို မိသားစုအတွက် ပေးပစ်လိုက်တဲ့အမေ့ကို အဖေ့နောက်နားမှာ မထားနိုင်ပါဘူး။
ဒါကို အဖေ နားလည်နိုင်မှာပါ။
:)
No comments:
Post a Comment