Search This Blog

Thursday, March 7, 2013

အသိတရားသော်မှ မထွန်းကားရင်

အစွမ်းရှိသရွေ့ ကာကွယ်မယ်
ကြားအောင်ပြောမှ ဖြစ်တော့မယ်ဆိုပြီး
ရေဝေ ရေလဲတွေ
လွှမ်းတာ ကောတာတွေ
နံရံနဲ့ ကြမ်းပြင်တွေ သိအောင်သင်နေတုန်း
မြစ်လယ်ကသောင်တွေကို မြင်အောင်ကြည့်နေတုန်း
ကမ်းပါးယံတွေ တစ်ခုပြီးတစ်ခု
မြစ်ထဲတိတ်တဆိတ် ပျော်ဝင်သွားသလို
ငါတို့စိတ်လိုလက်ရမှုတွေဟာလည်း
မသိသူ မသိအားသူ
မသိချင်ယောင်ဆောင်သူ သိသော်လည်းဂရုမစိုက်အားသူတွေကြားမှာ
တိမ်ဝင်ပျောက်ကွယ်သွားနေတယ်
အသိတရားသောမှ မထွန်းကားရင်
အင်္ကျီဟာ အင်္ကျီပဲ
စကားလုံးတွေဟာ စကားလုံးတွေသက်သက်ပဲ
မြစ်ဟာ ပင်လယ်ဆီ တိမ်တိမ်လေး ကွေ့ဝိုက်စီးဆင်းလာနေသလို
ငါတို့ တိမ်တိမ်လေး မတွေးမိကြဖို့
ကွေ့ဝိုက်ပြီး မတွေးမိကြဖို့ လိုအပ်လာတယ်
မြေကို မြေလို့ပဲမြင်ရင်
မြေဆီကရှိသမျှ အကုန်ထုတ်ယူမိမယ်
မြစ်ကို မြစ်လို့ပဲမြင်ရင်
မြစ်ဆီက ဘာရမလဲ စဉ်းစားဦးမှာပဲ
အမျိုး ဘာသာ သာသနာတွေ
ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာတွေ
အားလုံးကို ထည့်မစဉ်းစားရင်တောင်
ဒီမြစ်ကတော့ မြစ်တစ်စင်းသက်သက်မဟုတ်ဘူးဆိုတဲ့
အသိတရားတစ်ခုတော့ ရှိဖို့ကောင်းပြီ
နေ့စဉ်စားဝတ်နေရေး ပရိဒေ၀တွေကြား
မြစ်ဟာ ခုစရာ တုံးမဟုတ်ဘူးဆိုတဲ့
အသိတရားတစ်ခုသော်မှ ထွန်းကားမလာတော့ရင်....။        ။

လူစိုး 
(အောင်ပင်လယ်မဂ္ဂဇင်းမှာ ပထမဆုံးပါခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ဒီကဗျာကိုပဲ သမဂ္ဂကလုပ်တဲ့ ဧရာဝတီပွဲလေးတစ်ခုမှာ သွားရွတ်ဖူးပါတယ်။ အမှတ်တရတွေ အများကြီးနဲ့ကဗျာပါ။)                      

No comments:

Post a Comment