Search This Blog

Thursday, March 7, 2013

“ငါတို့ပြောတာကြားရဲ့လား”





စားပြီးပြီလား
ဝရဲ့လား မကြိုက်ဘူးလား
ရွေးချယ်ခွင့်ရှိနေသေးတဲ့ဘ၀ကို
ငါတို့ မကျေနပ်နိုင်ကြဘူး
ပြည့်စုံချင်တယ် ပိုလျှံချင်တယ်
ငါတို့က ငါတို့အတွက်ပဲ စဉ်းစားတယ်
ငါတို့ထဲက တခြားငါတို့တတွေ
ဘယ်လိုတွေနေနေကြသလဲ
ငါတို့ မတွေး မပြော မကြား မမြင်
သူတို့လို့သာ မြင် ကြား ပြော တွေး
သက်သက်သာသာလေးပဲ
တကယ်ဆို
ငါတို့သုံးယောက်မှာ နှစ်ယောက်က ငမွဲတွေတဲ့
ငါတို့အားလုံးထဲက သန်းရှစ်ရာလောက်ဟာ
စားရမဲ့သောက်ရမဲ့ဘ၀ ရောက်နေသတဲ့
ငါတို့ကလေးတွေ ညဘက်ဆို
အမှောင်ထဲမှာပဲ နေရသတဲ့
ငါတို့ကလေးတွေမှာ ရေးစရာဘောပင်မရှိဘူးတဲ့
ကုမရတဲ့ရောဂါ တပြုံတမကြီးပဲရှိသတဲ့
ငါတို့အချင်းချင်း ခဏခဏရန်ဖြစ်နေကြသတဲ့
ငါတို့မှာ နေစရာရယ်လို့မှ အသေအချာမရှိ
ငါတို့ အစားတစ်လုပ် ရေတစ်မှုတ်အတွက်နဲ့
အဝေးကြီးကို .... ခြေလျင်သွားကြရသတဲ့
ငါတို့ မြေဆီလွှာတွေ ခြောက်ခန်းကုန်ပြီ
ငါတို့ထွန်သွားတွေ တုံးကုန်ကြပြီ
ငါတို့မျှော်လင့်ချက်တွေ ပျက်သုဉ်းကုန်ပြီ
ငါတို့မှာ ငါတို့အတွက် ဂျုံနဲ့ဆန်အပြင်
ဘာမှမပေးနိုင်တော့ဘူးလား
ငါတို့တတ်ထားတဲ့ အတတ်ပညာတွေကို
ငါတို့ကိုယ်ကျိုးအတွက်ပဲ သုံးကြမှာလား
ငါတို့ဟာ ငါတို့ဆီကို ရောက်အောင်မသွားကြတော့ဘူးလား
ငါတို့ပြဿနာတွေကို ငါတို့မဖြေရှင်းကြတော့ဘူးလား
ငါတို့ဒုက္ခတွေကို ငါတို့မဖယ်ရှားကြတော့ဘူးလား
ငါတို့အတ္တတွေက
               ငါတို့ကို
                      အဆုံးသတ်ပစ်လိုက်မှာလား
ငါတို့အိပ်မက်တွေက
ငါတို့ပုဂ္ဂလိကစိတ်ကူးစိတ်သန်းတွေက
ငါတို့ထဲက တခြားငါတို့တတွေရဲ့ ပရိဝေဒတွေထက်
ပိုအရေးကြီးနေတုန်းလား။      ။

လူစိုး

No comments:

Post a Comment