Search This Blog

Thursday, March 7, 2013

"တာ"



သွားရမယ့်ပန်းတိုင် တူပေမယ့်
နည်းနည်းလေးတောင် မပြိုင်ခဲ့ကြဘူး
စုပေါင်းလမ်းလျှောက်နေသလို
ရှေ့ကြိုရောက်တဲ့ကောင်က နောက်ကကောင်ကိုစောင့်
ဒီကောင်က သူ့နောက်ကကောင်ကိုဆွဲခေါ်
တဖြည်းဖြည်း ရွေ့ခဲ့ကြတယ်
ဆက်လျှောက်ခွင့်မရှိတော့သူ
တစ်ယောက်အတွက်
အနားမှာဝိုင်းထိုင်နေခဲ့ကြတာ
အကြာကြီး
သူငယ်ချင်းစစ်စစ်တွေမှာ
စကားလုံးတွေများများမလိုဘူး
မတူတာတွေ အများကြီး
ညှိမနေခဲ့ကြဘူး
ပေါင်းပစ်လိုက် ပုလင်းတူဗူးဆို့

လမ်းဆိုတာ အဆုံးသတ်ရှိတယ်
ဒါပေမယ့် ဒီစကားလေးပြောဖို့
ငါတို့ အဝေးကြီးကလာခဲ့ရ
အခု
ဘယ်သူမှ မခွဲဘူး ကွဲကြပြီ
တစ်နေရာမှာ တစ်ယောက်
တစ်ယောက် တစ်နေရာ
တွေ့ဖြစ်မှာပါ
ဘယ်တော့ ဘယ်နေရာ
ဘယ်သူမှ မ ဟ ကြ ဘူး

အစကတည်းက မတူတာတွေအများကြီး
အခုမှ ငြိမနေနဲ့တော့
အရင်စိတ်ကလေး နည်းနည်းရှိနေသရွေ့ အရင်အတိတ်ကို အချိန်မရွေးပါ
တစ်ခုပဲ
ဒီလမ်းရဲ့ပန်းတိုင်ဟာ
နောက်တစ်လမ်းအတွက်
တာ ဖြစ်နေပြန်တယ်။
လူစိုး

No comments:

Post a Comment