Search This Blog

Wednesday, March 20, 2013

မိသားစုသမိုင်းဖြစ်ခဲ့သော


ကျွန်တော်တို့ သားအမိသားအဖတစ်တွေ တောပြန်တိုင်း ကြားရလေ့ရှိတဲ့ အကြောင်းအရာ၂ခု ရှိပါတယ်။ 
ပထမတစ်ခုက အဖေ့အကြောင်းပါ။ အဖေ့ကို ၄၉ခုထဲ မွေးပြီး မီးတွင်းမှာတင် အလံနီတွေ ၀င်တာနဲ့ ရွာပျက်ပါတယ်။ ဒါနဲ့ အဖွားက ခုနှစ်ရက်သား အဖေ့ကို စောင်နဲ့ပတ်ပြီး ပြေးရတာပေါ့။ အဘိုးက ရွာသူကြီးဆိုတော့ သူတို့နဲ့ အတူတူ လိုက်မပြေးနိုင်ဘူး။ ပြေးရင်း တစ်ရွာနဲ့တစ်ရွာ ခြားထားတဲ့ ချောင်းကိုရောက်ရော။ အဲ့နေရာကို ပန်းမောက်ခုံတံတား ခေါ်သတဲ့။ တံတားလို့သာ ဆိုတယ်၊ ကွမ်းပင်ကို အလုံးလိုက်ဖြတ်ပြီး ဟိုဖက်ဒီဖက်ဒေါက်နဲ့၊ အသာမှေးကိုင်စရာ လက်တန်းနဲ့ သွားသာရုံ လုပ်ထားတာမျိုးပါ။ တစ်ယောက်ပြီးမှ နောက်တစ်ယောက်က ကူးလို့ရတာပါ။ ချောင်းက ရေစစ်ချိန် ဆိုတော့ အောက်ကနွံတွေနဲ့ အမြင့်ကြီးလိုဖြစ်နေတာပေါ့။ အဖွားကလည်း မီးတွင်းဆိုတော့ စိတ်ထဲ မရဲဘူးထင်ပါရဲ့။ တံတားပေါ် လျှောက်နေရင်းတန်းလန်းကမှ ကတုန်ကရီကြီး ဖြစ်လာပြီး ဆက်မလျှောက်ရဲတော့ဘူး။ ဒါနဲ့ သူ့မောင်အကြီး (ကျွန်တော့်ဘိုးကြီး)က ရွှံ့ထဲဆင်းချသွားပြီး 
“မမ ငါ့ဆီကလေးကို ပစ်ချလိုက်၊ နို့မို့ ကလေးရော နင်ပါ ပြုတ်ကျလိမ့်မယ်” ဆိုတယ်။ အဖွားလည်း ကလေးကို (ကျွန်တော့်အဖေ)ကို ငါးစပ်စောင်နဲ့ ပတ်ပြီး ပစ်ချလိုက်တာ ဘိုးကြီးက အောက်က ဆီးဖမ်းထားလို့သာပေါ့။ အဖွားလည်း အဲ့ကျတော့မှပဲ ရဲရဲလျှောက်ရဲတော့တယ်။ ဒီအကြောင်းကို ဘိုးကြီးမဆုံးခင်အထိ ရွာပြန်တိုင်း အဖေ့ကိုမြင်တာနဲ့ သူပြောပြတော့တာပါပဲ။ သူ့ဘ၀မှာ ဒီကိစ္စဟာ သိပ်ကို အမှတ်ရစရာကောင်းတယ်ဆိုတာ ပြန်ပြောနေတဲ့သူ့မျက်နှာကို ကြည့်ရင်သိပါတယ်။ ဒီအဖြစ်အပျက်တွေက မနေ့တစ်နေ့ကမှ ဖြစ်သွားခဲ့သလိုကို သူ့စိတ်ထဲမှာ စွဲထင်နေခဲ့တာပါ။ ခုတော့ ရွာမှာ ဘိုးလေးရှိနေသေးတော့ ဒီတစ်ခါ ရွာပြန်ရင် “မင်းအဖေ မီးတွင်းကြီး ရွာပျက်တော့...” ဆိုတဲ့ ဇာတ်လမ်းကို ဘိုးလေးက တာဝန်ယူပါလိမ့်မယ်။
နောက်အကြောင်းအရာတစ်ခုကတော့ ကျွန်တော်ကိုယ်တိုင်ပါပဲ။ 
၈၈မှာ အရေးအခင်းဖြစ်တော့ အစပိုင်း ရန်ကုန်မှာ နေကြသေးတယ်။ လေယာဉ်ပျံတွေ လာရင် သားအမိနှစ်ယောက် ထွက်ထွက်ကြည့်တဲ့ဒဏ်ကို အဖေမခံနိုင်တော့တာရယ်၊ အိမ်မှာ အရေးအကြောင်းဆို အဖေ့မှာလည်း လမ်းထဲက မိန်းမကြီးတစ်ယောက်က ဆောင်ဖို့ပေးထားတဲ့ နတ်ဆက်တဲ့ဓားတစ်လက်ပဲ ရှိတာရယ်ကြောင့် တောပြန်ဖို့ ဖြစ်လာပါတယ်။ ကျွန်တော်လေးနှစ်သားပေါ့။ တောမှာက ရန်ကုန်လိုတော့ သိပ်စိတ်ပူနေရတာမျိုး မရှိပါဘူး။
အဖေက ကျွန်တော်တို့သားအမိကို သူ့အိမ်မှာထားခဲ့ပြီး သူကတော့ ဆန်ကုန်သည်လုပ်ပါတယ်။ ဆရာအတတ်သင်ဆင်းကတည်းက ကျောင်းဆရာလုပ်လာတဲ့ အဖေလည်း မိသားစု စားဝတ်နေရေးအတွက် ခေတ်ပျက်ထဲ တောနဲ့ရန်ကုန်ကို မော်တော်နဲ့ကူးပြီး ဆန်ကုန်သည် လုပ်ရတာပါ။ အမေက တောမှာ အုန်းကပ်စေးနှဲရောင်းတယ်။ ညနေဖက်ဆို ကျွန်တော်တို့သားအမိ လမ်းတကာပတ်ပြီး ထင်းတိုထင်းစ ကောက်ရတာပေါ့။ အုန်းကပ်စေးနှဲလုပ်ရတာက မီးကုန်တယ်လေ။ ဒီလိုနဲ့ နေလာတာ တစ်နှစ်ကျော်လာတော့ တောကလူတွေက ကျွန်တော့်ကို
“ရန်ကုန်သား ဘယ်တော့ပြန်မလဲ”လို့ မေးကြပါတယ်။
ကျွန်တော်ကလည်း ဘာရမလဲ၊ ရန်ကုန်သားပဲဟာ “ဒီမိုကရေစီရမှ ပြန်မယ်”လို့ ဖြေတာပေါ့။ ကျွန်တော့်ခေါင်းထဲ အဲ့ဒီစကားလုံး ဘယ်ကရောက်နေလဲ ကျွန်တော် တကယ်ကို မသိတာပါ။ တောကလူတွေကတော့ ကျွန်တော် ပြန်ဖြေတာကို လွှတ်သဘောကျသပေါ့။
တဟားဟားနဲ့ ပြောပြောပြီး ရယ်ကြတာ အခု အသက်သုံးဆယ်တန်း ခဏတစ်ဖြုတ်ပြန်လည်း ငယ်ငယ်တုန်းက ကျွန်တော် ပြောလိုက်မိတာကို ပြန်ပြောပြီး ဟားကြတုန်း။
ဟိုတလောက ခဏပြန်တော့ ကြီးဒေါ်တစ်ယောက်က “ငါ့တူ အေးအေးဆေးဆေး ပြန်လို့ရပြီ၊ ဒို့ဒီမိုကရေစီ ရနေပြီ”လို့ ပြောရှာပါတယ်။ 
တကယ်သာ ဒီမိုကရေစီ ရမှ ပြန်ကြေးဆို စိုးထိုက်တို့ ခုထိကို တောမှာပဲ နေ နေရဦးမှာ ကြီးဒေါ်မသိရှာဘူး။  

No comments:

Post a Comment