Search This Blog

Monday, March 11, 2013

စည်းတစ်ခုခြားလိုက်သလို

"မောင်တို့မယ်တို့သည် ဆေးပညာကို ကောင်းစွာသင်ယူတတ်မြောက်ပြီးပြီဟု ယူဆသဖြင့် မောင်တို့မယ်တို့အား ဆေးပညာဘွဲ့ကို အပ်နှင်းလိုက်သည်။"

ပါမောက္ခချုပ်ကဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပြောကြားခဲ့တဲ့မိန့်ခွန်းထဲမှာ ဒီစကား ပါခဲ့ပါတယ်။

သတ်မှတ်အရည်အချင်းများနဲ့ ပြည့်စုံသူတွေကို ရွေးချယ်လက်ခံပြီး သက်ဆိုင်ရာအတန်းအလိုက် ဘာသာရပ်များကို ဖြေဆိုအောင်မြင်ပြီး သတ်မှတ်ထားသော အလုပ်သင်ကာလကို ဖြတ်ကျော်ပြီးနောက် အရည်အချင်းပြည့်မီသည်ဟု ယူဆနိုင်သော ဆရာဝန်များကို ပါမောက္ခချုပ်ကိုယ်တိုင် အခမ်းအနားနဲ့ ဘွဲ့ကို ပေးအပ်ခဲ့တာပါ။

ဆေးကျောင်းတစ်ကျောင်း ကျောင်းသား လေးရာနှုန်းဖြင့် ခေါ်ယူခဲ့မှုဟာ မြန်မာနိုင်ငံတစ်ဝှမ်း လူနာနှင့်ဆရာဝန်အချိုးကွာဟနေမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်ခဲ့ကြောင်း အများအသိပင် ဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ တစ်ကျောင်းကို ခြောက်ရာနှုန်းခန့် ခေါ်ခဲ့တယ်ဆိုတာကိုလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။

"အာဆီယံနိုင်ငံတွေလို လူနာနဲ့ဆရာဝန် အချိုးမျှတဖို့အတွက် တစ်နှစ်ကို ကျောင်းသားဦးရေ ၂၀၀၀လောက် မွေးထုတ်ပေးနိုင်မှ လုံလောက်မှာ ဖြစ်ပါတယ်။"

ဇန်န၀ါရီလ ၂၁ရက် ပထမအကြိမ်အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ ကျွန်တော်တို့ရဲ့ ဆရာကြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် ပြောခဲ့တဲ့ စကားပါ။

အင်ဒိုနီးရှားမှာ လူဦးရေ တစ်သောင်းမှာ ဆရာဝန်တစ်ယောက်ရှိပြီး အခြားသော အာဆီယံနိုင်ငံတွေမှာ လူဦးရေတစ်သောင်းမှာ ဆရာဝန်ငါးယောက်နှုန်း ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ Myanmar Health Index 2000 အရဆိုရင် မြန်မာနိုင်ငံမှာ လူဦးရေတစ်သောင်းမှာ အနည်းဆုံး ဆရာဝန် ၆ ယောက်မှ အများဆုံး ၄၆ ယောက်အထိ ရှိနေပါပြီ။

ဆရာကြီးတို့ မွေးထုတ်လိုက်တဲ့ တစ်နှစ်လျှင် ၂၀၀၀မျှသော ဆရာဝန်အပေါင်းက အဘယ်သောအရပ်ဒေသမှာ တာဝန်ထမ်းဆောင်ကြရပါမလဲ။ မနှစ်က ခေါ်ယူခဲ့သော ၅၀၀၊ ယခုနှစ် ခေါ်ယူခဲ့သော ၁၅၀၀၊ လာမည့်နှစ်များမှာ အောင်မြင်ပြီးသူအားလုံးအား အလုပ်ခန့်ထားရန် ဆောင်ရွက်မည်ဟု ဆရာကြီးကိုယ်တိုင် ဇန်န၀ါရီ ၂၁ရက်နေ့က ဖြေကြားခဲ့ပါတယ်။

လက်ရှိအချိန်အထိ ကျန်းမားရေးဦးစီးဌာနလက်အောက်ရှိ ဆေးရုံပေါင်း ၉၁၅ ရုံမှာ အထူးကုဆရာဝန်နှင့် လက်ထောက်ဆရာဝန် စုစုပေါင်း ၄၇၄၉ဦး တာဝန်ထမ်းဆောင်နေပြီး ယခုနှစ်ခေါ်ယူထားတဲ့ ဆရာဝန် ၁၅၀၀ ကို ပေါင်းလိုက်ပါက ၆၂၄၉ဦး ရှိသွားမှာ ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ ဆေးကုသခွင့်လက်မှတ်ကိုင်ဆောင်ထားသူ ဆရာဝန်ဦးရေ ၃၀,၀၀၀ ကျော်နဲ့ ယှဉ်တဲ့အခါ ငါးပုံတစ်ပုံများသာ ရှိသေးတာကို ဆရာကြီးတို့ သဘောပေါက်စေချင်ပါတယ်။ ဆရာကြီးတို့ မွေးထုတ်ပေးခဲ့သော ကျန်ငါးပုံလေးပုံသော ဆရာဝန်များအပေါ်မှာ ဆရာကြီးတို့ ဘယ်လိုသဘောထားပါသလဲ။

ထိုနေ့မှာပဲ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈)မှ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးမြန်းချက်ကို ဆရာကြီး ပြန်လည်ဖြေကြားခဲ့တဲ့ အထဲမှာ ဆရာကြီးတို့ရဲ့ သဘောထားကို အသေအချာ မြင်လိုက်ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၂့၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ နည်းဥပဒေပုဒ်မ ၇(က) နဲ့ ပုဒ်မ ၈ တို့ကို ရှေ့တန်းတင်လိုက်တဲ့အခါ တစ်ချိန်က ရှိခဲ့ဖူးတဲ့ ဆရာတပည့်စိတ်၊ ဆရာဝန်အချင်းချင်း ကူညီစောင့်ရှောက်ပေးတဲ့ဓလေ့၊ စီနီယာက ဂျူနီယာအပေါ်မှာ ညှာတာတတ်တဲ့ ကျွန်တော်တို့ ဆရာဝန်လောကထဲက နှစ်လိုဖွယ်ကောင်းတဲ့ အလေ့အထတွေ အားလုံး မြောင်းထဲရောက်သွားပါတော့တယ်။

စီစစ်မှုမရှိဘဲ တိုက်ရိုက်ခန့်ထားပေးဖို့ ဘယ်သူဘယ်ဝါက တောင်းဆိုဝံ့ပါသလဲခင်ဗျာ။ ဒီလမ်းကို လျှောက်ရင် ဒီတံခါးပေါက်တွေကို မဖြစ်မနေ ဖြတ်သွားရမယ်ဆိုတာ အားလုံးအသိပါ။
အချိန်ကုန် ငွေကုန်ခံပြီး စေတနာအပြည့်နဲ့ စီစစ်ပေးခဲ့ကြတယ်ဆိုတာကိုလည်း ငြင်းစရာ မရှိပါခင်ဗျာ။
ငါးပုံတစ်ပုံသော ဆရာဝန်များ၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန် ကျန်သောငါးပုံလေးပုံသော ဆရာဝန်များ၏ အရည်အချင်း၊ အသိညဏ်နဲ့ ရွေးချယ်မှုကို ထိခိုက်ပြောဆိုစရာ မလိုအပ်ဟု ယူဆပါတယ်။
လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်ခင်ဗျာ။

ရာထူးဝန်စာမေးပွဲကို ၀င်ရောက်မဖြေဆိုသူ၊ ဖြေဆိုပါလျက် မအောင်မြင်သူ၊ ဟိုယခင်ကပင် အလုပ်မ၀င်သူ၊ အခြားသော အကြောင်းအမျိုးမျိုးကြောင့် အစိုးရ၀န်ထမ်းဘ၀လုပ်လိုပါသော်လည်း မလုပ်နိုင်သူ၊ စသည်ဖြင့် ပြင်ပမှ ဆရာဝန်အပေါင်းဟာ အရည်အချင်း မပြည့်မီသူများဟု ဆရာကြီး ဆိုလိုပါသလားခင်ဗျာ။
 

ထိုဆရာဝန်အပေါင်းဟာ ကောင်းစွာအောင်မြင်တတ်မြောက်ခဲ့ခြင်းမဟုတ်ဟု အဓိပ္ပါယ်သက်ရောက်မနေပါဘူလားခင်ဗျာ။

ဆရာကြီးခင်ဗျာ...
ကျွန်တော် စဉ်းစားမိသလောက် ပြောပြပါရစေ။
ဆရာကြီးဖယ်ထုတ်လိုက်သော ဆရာကြီးတပည့် အများစုက အခုအချိန်မှာ ရပ်ကွက်ထဲက ဆရာဝန်လေးတွေ ဖြစ်နေကြပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက ဆရာကြီးတို့ သိကြတဲ့အတိုင်း ပြည်သူတွေဟာ ဆေးခန်း၊ဆေးရုံကို လွယ်လွယ်မလာတတ်ကြပါဘူး။ နေထိုင်မကောင်းဖြစ်ကြတဲ့အခါ လွယ်လင့်တကူ ဆေးဆိုင်တစ်ဆိုင်ဝင်ပြီး စပ်ဆေးလေးတော့ အရင်ဝယ်သောက်လိုက်ကြပါသေးတယ်။ မသက်သာဘူးဆိုတော့မှ သူတို့ရတဲ့ ချွေးနဲစာထဲက ဆရာဝန်ပေါက်စနလေးတွေဆီကို နည်းနည်းလာခွဲပေးကြတာပါ။ ပေါက်စနလေးတွေအနေနဲ့ သူတို့ကို ရပ်ရွာက လက်ခံဖို့၊ အသိအမှတ်ပြုဖို့ အချိန်တွေ အများကြီး အကုန်ခံကြရတာပါ။ အခု ဒီဆရာဝန်လေးတွေဟာ အရည်အချင်းမပြည့်မီကြသူတွေပါလားလို့ အရပ်ထဲက လူတွေ တွေးကုန်ကြရင် သူတို့အဖို့ ဆုံးရှုံးရတာ ငွေကြေးနဲ့ အချိန်တွေတင် မကတော့ပါဘူး။ သူတို့တည်ဆောက်ထားတဲ့ ဂုဏ်သိက္ခာပေါက်စနလေးတွေပါ ကျဆင်းသွားကြရမှာပါ ဆရာကြီးခင်ဗျာ။

ဆရာဝန်ဘွဲ့ယူပြီး စီးပွားရေးပဲ လုပ်နေကြတဲ့ ဆရာကြီးတို့ရဲ့ တပည့်တွေလည်း အများကြီးပါခင်ဗျာ။ မင်းတို့ အမ်ဘီဘီအက်စ်ရတာ အရည်အချင်းမရှိလို့ အပြင်မှာ စီးပွားရေးလုပ်စားနေရတာမလားလို့ အမေးခံကြရပါတော့မယ်။ အခြေအနေအရ အပြင်အလုပ် လုပ်နေကြရပေမယ့် ဆေးကျောင်းက ပြီးခဲ့သူတိုင်းမှာ ဆရာဝန်စိတ်ကလေးတော့ ကျန်ပါသေးတယ် ဆရာကြီးခင်ဗျာ။

အလုပ်မ၀င်မိရုံနဲ့ ဒေသခံပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်လောက်အောင် ဆိုးရွားသွားလိမ့်မယ်လို့ ဆရာကြီး ထင်ရက်ပါပေ့၊ ပြောရက်ပါပေ့။ အလုပ်ဝင်သွားတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ အပြင်မှာ ကျန်ခဲ့တဲ့ ကျွန်တော်တို့တစ်တွေအကြား ခွဲရက်ပါပေ့၊ စည်းခြားရက်ပါပေ့ ဆရာကြီးရယ်။

စာတစ်စောင်လုံး အမှားချည်းပဲမို့ ကျွန်တော့်ကို ခွင့်မလွှတ်ချင်နေပါ၊ ကျွန်တော်တို့နောက်မှာ ဆမကိုင်ပြီး စောင့်နေတဲ့ ကျွန်တော်တို့ ညီတွေ၊ ညီမတွေကိုတော့ ကျေးဇူးပြုပြီး တံတွေးခွက်ကလွတ်အောင် အဖတ်ဆယ်ပေးပါလို့ တောင်းပန်ပါရစေ ဆရာကြီးခင်ဗျား။

စိုးထိုက်

References:
1. http://www.newscenter.philips.com/main/standard/news/press/2010/20100519_asean_philips_index.wpd#.UQGHodm2_IU
2. http://www.moh.gov.mm/#top
3. Myanmar Health Statistics 2010
4. Biweekly Eleven Journal No.43 Vol 5
5. ကြေးမုံသတင်းစာ စာမျက်နှာ (၇) ဇန်န၀ါရီ ၂၂၊ ၂၀၁၃။

No comments:

Post a Comment