Search This Blog

Thursday, March 7, 2013

အားတင်းထားပါ သားငယ်



အနာဘယတွေထဲ ရှင်သန်ခဲ့ပြီ
မင်းဟာ အနာဂတ်ဆိုတာ စကားလုံးသက်သက်
ဦးတို့မှာ မင်းအတွက်ဆေးကို မင်းအဖေ ပြေးဝယ်ခိုင်းရ
ဆေးရုံမှာ ဆရာဝန်ပဲ အလကားရသတဲ့သားငယ်ရေ..
မင်း တစ်ချက် တစ်ချက် သတိလစ်သွားတဲ့အခါ
မင်းဦးဦးဆရာဝန်က ပျာယာတွေခတ်
ဦးက တတ်မှ မတတ်ဘဲကွယ်
မင်းအမေ ငိုသံကြားတိုင်း  ဦးစိတ်တွေမကောင်းဖြစ်ရ
ဦးတို့လူနည်းစုနဲ့
မင်းတို့အားလုံးကျန်းမာအောင် တတ်မှ မတတ်နိုင်ဘဲကွယ်
သားငယ်ရေ..
မင်းကြီးရင် ဦးလိုမျိုး
ဒေါက်တာကြီး မလုပ်ချင်ဘူးလားလို့
မေးဖို့ ဦးတို့မှာ အားတောင်မရှိတော့ပါဘူးကွာ
အနှစ်နှစ်အလလ ပင်ပန်းခဲ့သမျှ
နေ့နေ့ညည ကြိုးစားခဲ့သမျှ
ဦးတို့ တစ်နေ့ကျ..
လူ သတ် ဖို့ မ ဟုတ် ခဲ့
ကယ်လို့ရသလောက်
ကိုယ့်သွေးတောင် ဖောက်ပေးခဲ့သူတွေပါ
ဦးတို့လခ တစ်ပဲခြောက်ပြားက
မင်းအတွက် ဆေးတစ်ရက်စာပဲရရ
စိုက်ထုတ် လုပ်ခဲ့သူတွေပါ
အသက်ကို ပုံမှန်လေး ရှူနော်
ဆုတ်ကပ်ထဲက ဦးတို့
နှုတ်ခမ်းဝက မင်းကို ဆွဲတင်နေပါတယ်
မင်းရောဂါဟာ ဦးတို့ရောဂါ
တစ်တိုင်းပြည်လုံးရဲ့ရောဂါကွယ့်
ဇာတ်သရုပ်အရ
ဦးတို့က ဗီလိန်ဖြစ်ကြရ
ဘဝ နာလှပါတယ် သားငယ်
မင်း အမြန် နေပြန်ကောင်းဖို့
ဦးတို့ ဆုတောင်းနေကြတယ်
ဒီထက်ပိုပြီး ဘာမှ
ဦးတို့ မတတ်နိုင်တော့ပါဘူးကွယ်
သားငယ်ရေ...
မင်း ခြေဖျားတွေ အေးစက်လာတဲ့အခါ
ဦးတို့မှာ ခြေမကိုင်မိ လက်မကိုင်မိ
မင်းသိတဲ့အတိုင်း
အစွန်အဖျားရောက်အောင်
ဦးတို့ သွားချင်ခဲ့တာပေါ့
ဆရာဝန်မရှိတဲ့အရပ်မှာ
ဦးတတ်သလောက်ကလေးနဲ့
အသက်တွေ ကယ်ချင်တာပေါ့ကွာ
ဒါပေမယ့် သားရေ
ဟာသလို့ပဲ ထားကွာ
ဦးတို့လည်း ထမင်းတော့ နပ်မှန်ချင်တယ်လေ
ဦးတို့စိတ်ထား နည်းနည်းမှ မမှားခဲ့ဘူး သားငယ်
ဆရာဝန်ဖြစ်ပေမယ့် ဆရာဝန်လုပ်ခွင့်မရတဲ့ဘဝ
မင်းကပဲ ဦးကို ပြန်အားပေးတော့
ကွမ်တတီခေတ်ဆိုးက
ဦးတို့အနာဂတ်ကိုလည်း
အရိပ်ထိုးနေသပေါ့ကွယ်
သားငယ်ရေ...
မင်း မကျေနပ်တဲ့အခါ
အသုံးမကျတဲ့ဦးကိုပဲတိုင်ပါ
ဦးဆရာတွေ
ဦးသူငယ်ချင်းတွေ
ဆွဲမထည့်ပါနဲ့ကွာ
မင်းဘဘဆရာဝန်ကြီးတွေလည်း
ခေတ်ပျက်ထဲ ထိပ်ရောက်လို့
ခေါင်းခြောက်နေကြတာကွ
သားငယ်ရေ
မင်းနေပြန်ကောင်းသွားတဲ့အခါ
ဦးကိုကျေးဇူးမတင်ပါနဲ့
မင်းကို ဆေးရုံရောက်အောင်
ပို့ခဲ့တဲ့ မင်းဖေဖေနဲ့မေမေကိုပဲ
ကန်တော့လိုက်ပါကွာ
တစ်နေ့ မင်း အရွယ်ရောက်တဲ့အခါ
ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားတိုင်း
ခြေမကိုင်မိ လက်မကိုင်မိနဲ့
မင်းအသက်ကို
တတ်သလောက်မှတ်သလောက်
ကြိုးစားကယ်ခဲ့သူ ဦးကို
သတိရရင်ပဲ
ဦး ကျေနပ်ပါပြီ
အခုတော့ မနက်မှရောက်လာမယ့်
အခွင့်အရေးတွေအတွက်
ဒီတစ်ည အားတင်းထားပါ
သားငယ်ရေ....။ ။

လူစိုး

No comments:

Post a Comment