Search This Blog

Showing posts with label Poems. Show all posts
Showing posts with label Poems. Show all posts

Friday, April 5, 2013

ကွာဝေးခြင်းကို မုန်းတတ်ရမယ်


တိုးတိုက်မိရင် ပွန်းရှမယ်

ဒဏ်ရာကို တသသ 

ထွေးပွေ့မထားနဲ့တော့ 

ပြောမထွက်ခြင်းတွေက 

လည်ချောင်းမှာငါးရိုးလိုစူးနေသမျှ

ဟန်ဆောင်ပြေလည်မှုပဲ

ဒီတော့

ရှင် နောက်ကို နည်းနည်းပြန်လာပါ

ကျမ ရှေ့ကို များများတိုးပါ့မယ်

တို့နှစ်ယောက်ကြားက

အကွာအဝေးကို မင်းရိပ်မိခဲ့ပြီ

ဂျိတ်ဂျိတ်ချင်းမှ

ချိတ်တယ်ထင်ခဲ့သူကို

အဖြောင့်က

ချိတ်ရှေ့ကန့်လန့်ဆိုလည်း

ချိတ်မိနိုင်ကြောင်း သက်သေပြ

ပြီးရင်

အဖုံးကို အပြီးဖွင့်မယ်

ဘာတွေသိုဝှက်ထားသေးလဲ

တစ်ယောက်စိတ်ထဲ တစ်ယောက်

နောက်တစ်ခေါက်

ပြန်ငုံ့မကြည့်ရကြေး

ကမ္ဘာတောင်

ဝင်ရိုးတစောင်းကြီးပေါ်

အကြာကြီး လည်နိုင်သေးတာ

တို့နှစ်ယောက်က

ဒီတစ်ဘဝလေးကို

ခွင့်လွှတ်စိတ်နဲ့ မချစ်နိုင်ရင်

တို့ကိုတို့ပဲ အပြစ်တင်ရမှာ

မင်း မြင်နိုင်လား

တစ်ခုတည်းသောလမ်းက

ဟိုးအမြင့်ဆီ....။ ။


လူစိုး 

Tuesday, March 26, 2013

အမှောင်ကမ္ဘာငယ်

ဖတ်ထားတဲ့ကျမ်းတွေသုံးပြီး
နင်းထားတဲ့ကြမ်းကို ချိုးပြီး
တွဲထားတဲ့လက်ကိုဖြုတ်ပြီး
အပြင်ထွက်သူ တစ်ယောက်
ကျန်ခဲ့သူ တစ်ယောက်
အနီးအနားမှာ ရှာမတွေ့သူတစ်ယောက်
သူတို့သုံးယောက် 
ပေါင်းရင် မိသားတစ်စု
တစ်ယောက်ကမ္ဘာက အပြင်
တစ်ယောက်ကမ္ဘာက အတွင်း
တစ်ယောက်ကမ္ဘာက အနီးအနားမှာပဲပျောက်ဆုံး
ခေါ်သံကြားရင် ပြန်လှည့်မလား
ဘယ်အချိန်မှာမှ အရင်ကလို နွေးထွေးမှုမျိုး
သုံးယောက်ကမ္ဘာမှာ
နေရောင်ခြည် မထွန်းပ
လရောင်သည်လည်း မရွှန်းမြ...

လူစိုး
 

Sunday, March 24, 2013

ဒီမိုကရေစီနဲ့ မေးထူးခေါ်ပြော ဘ၀ပါ



လောင်နေတဲ့မီးတွေထက် ဘာကပိုပြီး ပူရဦးမလဲ 
အဆံချောင်တွေ အလေနတောတွေ ရွှေ့တဲ့အကွက်ထဲ
နောက်ပိုင်းမှာ ခါးအောက်ပိုင်းတွေပါလာတဲ့
ဒုဂ္ဂတိဘုံက ဝရုန်းသုန်းကားထဲ 

ပြေးဝင်မိသလား
သွေးတွေ မျက်ရည်တွေ
ကမ္ဘာပျက်ခြင်းရဲ့ နိဒါန်းတေးသံတွေ
သံချေးနံ့တွေ ရနေလား
သွေးတွေက နားထင်ကိုဖြတ် ပါးကိုဖြတ် 

မေးဖျားကနေ ရင်ဘတ်ပေါ် စီးကျနေခဲ့တယ်
ဘယ်ညာလှည့်ကြည့်လို့ ရသေးလား
ဦးနှောက်က အလုပ်မလုပ်တော့ဘူးထင်တယ်
တစ်ယောက်က တစ်ရာ 

သန်းခြောက်ဆယ်ထဲ
သူတို့ပဲ တဝင်းဝင်းတောက်လို့ 

ရှို့ရင်လောင်တာချည်းပဲ 
ဗလီမှမဟုတ်ဘူး လူမှမဟုတ်ဘူး
ဘဝတွေရော မျှော်လင့်ချက်တွေရောပဲ
အားလုံး ကြောက်နေကြရတယ် 

လူတစ်စုကို မထိန်းနိုင်ဘူး 
လူတစ်စုကပဲ မြန်မာပြည်အနှံ့ ကျေးလက်မြို့ပြမကျန် 
လိုက်ရိုက်သတ်နေတာ မီးတင်ရှို့နေတာ 
ဒါဘာသာရေးစစ်ပွဲလား
လူမျိုးရေးပဋိပက္ခလား
ကလေးငယ်တွေနဲ့ အမေအိုတွေ
အထုပ်ကလေးတွေ ပိုက်ပြီးပြေးနေတယ်
အနောက်မှာ ပြေးရတယ်
မြောက်မှာလည်း ပြေးရတယ်
အခု အလယ်မှာလည်း ပြေးရပြီ
အောက်မှာ ဘယ်တော့များ ပြေးရမလဲ ထိတ်လန့်နေရ
လူက လူကို လွယ်လွယ်သတ်ရဲပြီဆို
ခေတ်ပျက်ပြီလို့မှတ်
ခင်ဗျားတို့ရဲ့ နေရှင်နယ်လစ်ဇင်မ်မှာ နှပ်ချေးတွေ အထပ်ထပ်နဲ့ 
မုသားကိုမှ မုသားမှန်းမသိရင်လည်း 

ဘာသာရေးအကြောင်းမပြောနဲ့
မဆဲပါနဲ့ အိမ်တွေမီးတင်မရှို့ပါနဲ့
လူမသတ်ကြပါနဲ့
မေတ္တာအထားနိုင်ဆုံး ဘာသာတရားကို 

သွေးပေနေတဲ့လက်တွေနဲ့ လာမထိကြပါနဲ့
ငါဘယ်ရောက်နေလဲ
ငါဘာလုပ်မိလဲပဲ တွေးပါ
လူတစ်စုကို ထိန်းမနိုင်တာနဲ့
တိုင်းပြည် ချောက်ထဲမကျအောင်ကယ်ဖို့
ဟိုကားထဲက မင်းသားကြီး
မြင်းကို ကုန်းနှီးတပ်နေတာကို
ကျုပ်တို့မှာ မလူးသာမလွန့်သာ ထိုင်ကြည့်နေရလို့ပါ 

လက်တစ်ဖက်နဲ့ ကျန်လက်ချောင်းလေးချောင်း ဆုပ်ကိုင်ထားဆဲ ပါဝါကို
လက်သန်းလေး အသာလေးပြန်ကွေးသွားမှာ
ရင်ဖိနေရလို့ပါ
အကျွမ်းတဝင်ရှိချင်လှပါရဲ့
အိုဘယ့် ဒီမိုကရေစီ။ ။

လူစိုး
 

Thursday, March 21, 2013

လူတောမတိုးတဲ့ကဗျာ


ကိုယ့်အထာလေးနဲ့ကိုယ်ပါ

ကိုယ့်အထွာလေးနဲ့ကိုယ်ပေါ့

ဗြက်ကျယ်မလား စောက်နက်မလား

ကိုယ့် ဇ နဲ့ ကိုယ်

ကိုယ့် ဘ၀ နဲ့ ကိုယ်

ကိုယ်ရေးတတ်သလိုလေး ရေးတော့/မှ

ကိုယ်ရေးတဲ့ကဗျာလေးဖြစ်မှာ

ကိုယ်ရေးတဲ့ ကိုယ့်ကဗျာလေးမို့

ဘာလေးပဲ ဖြစ်နေဖြစ်နေ

တန်ဖိုးလေးထားမိတယ်

ဒါလေးက ကိုယ့်ကိုယ်ပိုင်ကဗျာ...။ ။

လူစိုး

Thursday, March 14, 2013

ဘွန်းမရန်း

Boomerang
မင်းက ပစ်ပစ်
ငါကပဲ ပစ်ပစ်
ဘယ်လောက်ဝေးဝေး ရောက်အောင်ပစ်လည်း
တစ်နေ့ တစ်ချိန် တစ်နေရာ
ရောက်အောင်ပြန်(ပြန်)လာနေကျ(မှန်းသိနေတော့)
မင်း ပစ်လည်း ခဏ
ငါ ပစ်လည်း ခဏ
ဘ၀ကိုက ငါတို့နှစ်ယောက်ကို
ဒီလိုဖြစ်ဖို့ ပြဌာန်းပြီးသား
တစ်ခုပဲ
အနားမှာ ရှိမနေခြင်း၊ မြင်မနေရခြင်းဟာ
သံသယရဲ့ အကြောင်းရင်းခံ(ဆိုရင်)
ငါတို့ရဲ့ မေတ္တာတရားကို ငါတို့ကိုယ်တိုင်မယုံကြည်လို့ပဲ
အသိညဏ်ကို တန်ဖိုးမထားမိလို့ပဲ
ဘယ်လိုအခြေအနေမှမဆို
ငါ(မင်း)ရောက်အောင်ပြန်လာမယ်မှန်း
မင်း(ငါ)သိနေမှတော့
ငါတို့တစ်ယောက်ကိုတစ်ယောက် အခုထက်ပိုပြီး
စိတ်ချနေမှ လှမယ်...။ ။

လူစိုး

Monday, March 11, 2013

ကြိုးများဖြင့် တုပ်နှောင်ထားသော

ဘယ်စစ်က တရားလဲ

မျိုးချစ်စိတ်က တရားခံ

အပြစ်မဲ့သူတွေ ပြေးကြရ

အပြစ်မရှိသူတွေ သေကြရ

ဦးနှောက်တွေ ပိန်းပိတ်မှောင်နေတော့

အလင်း အမှောင်ကို မသိနိုင်

ငိုသံလည်းမကြား ငြီးသံလည်းမကြား

သေနတ်သံ အမြောက်သံတွေကြား

လက်ညှိုးလေး ကွေးလိုက်ရုံ

မိုင်းကလေး ခွဲလိုက်ရုံနဲ့တင်

ကရူဏာတရား ဒဏ်ရာရခဲ့တယ်

ကိုယ်ချင်းစာတရား တိုက်ပွဲကျခဲ့တယ်

ဒုက္ခနှင်းမြူတွေထဲ

ချိုးဖြူ လမ်းပျောက်နေရှာ....။ ။

လူစိုး

Friday, March 8, 2013

ကီလီမန်ဂျာရို

တန်ဇန်းနီးယားက
အာဖရိက က အမြင့်ဆုံးတောင်
တသီးတခြားရပ်တည်တဲ့တောင်တွေထဲမှာ
ကမ္ဘာမှာ အမြင့်ဆုံးတောင်
ကီလီမန်ဂျာရို...
ပူပြင်းတဲ့ကန္တာရမှာ နှင်းတွေဖုံးနေခဲ့တဲ့
မီးငြိမ်းတောင်
ကီဘို၊ မ၀န်ဇီနဲ့ ရှီရာ
တောင်ထိပ်သုံးလုံးခေါင်းချင်းဆိုင်တဲ့
အဓိပ္ပါယ်အမျိုးမျိုးဆောင်သော ကီလီမန်ဂျာရို...
ဇီဝမျိုးကွဲများစွာကို
ရေတိုက် အရိပ်ပေးထားတဲ့တောင်
လေးမျက်နှာမှာ တောဖြစ်စေတဲ့တောင်
ဝါးပင်မပေါက်တဲ့တောင်
ကီလီမန်ဂျာရို...
သူအပါအ၀င် သူ့ပတ်ဝန်းကျင်ကို
ကျယ်ပြန့်တဲ့ ကန္တာရသဲပြင်ထဲ
ဒီမှာ ရေ၊ ဒီမှာ သစ်ပင်
ဒီမှာ ဆင်၊ ဒီမှာ ကျွဲ
စိုစိုပြေပြေလေး ဖြစ်စေလေတော့
ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ်
သတ်မှတ်ထိန်းသိမ်းထားရတဲ့တောင်
ကီလီမန်ဂျာရို...
နှင်းတွေဖုံးနေတဲ့တောင်
နှင်းတွေဖုံးနေခဲ့တဲ့တောင်
နှင်းတွေ ဖုံး ခဲ့ ဖူး သော တောင်..
နောက်ဆုံးရာစုမှာ ရှိရှိသမျှနှင်းကို
အရည်ဖျော်ချလိုက်တဲ့အခါ...
လူတွေ လန့်သွားတယ်
ကမ္ဘာကြီးဟာ တကယ်ကြီးကို
ပူနွေးလာနေတာပါလားလို့လေ
တိမ်စိုင်တွေကြားထဲ ထိုးထွက်နေတဲ့
အဖြူရောင်နှင်းဖုံးတောင်ဟာ
ပထ၀ီနဲ့သမိုင်းကို တွဲဖက်သင်ပြသွားတယ်
တိုးတက်မှုမှန်သမျှ
သဘာဝနဲ့ လဲယူနေရကြောင်း
နေ့စဉ်နဲ့အမျှ ပြောပြနေတဲ့တောင်
သင်မျက်ကွယ်ပြုထားသော
ကီလီမန်ဂျာရို....။     ။

လူစိုး


ထုံချိုင်း




ပထမတစ်ခါလာတုန်းက

ထုံချိုင်းဟာ “ဂျင်းဘောင်းဘီ”နဲ့

ရန်ကုန်ကို ဖြတ်လျှောက်သွားခဲ့တယ်

ထုံချိုင်းဟာ ဗျူဟာကောင်းတယ်

သူမလာခင်

ခေါက်စားပွဲတွေ၊ ကုလားထိုင်တွေ

အုပ်ဆောင်းတွေ၊ ဂတ်စ်မီးဖိုတွေ

ပန်းကန်ပြားတွေ၊ အကြော်ခံဆီတွေ

အရင်လွှတ်လိုက်တယ်

ငါတို့ကလည်း နည်းနည်းနုံတော့

ဒီကောင်တွေ အိမ်ထဲဝင်လာတာကို

အသာလေး ကြည့်နေလိုက်တယ်

ဒီတစ်ခါ ထုံချိုင်းဟာ ကိုရီးယားယောင်ဆောင်ပြီး

တီဗွီကနေ လူတွေကို အယုံသွင်းတယ်

ပြီးမှ နည်းနည်းချင်း မြ၀တီဖက်က ပတ်ဝင်တယ်

ရန်ကုန်မှာ တရုတ်တန်းကို အရင်သိမ်းတယ်

ကျောက်မြောင်း ကျတယ်

နောက် စမ်းချောင်း ကျတယ်

တစ်မြို့လုံးကုန်တာပါပဲ

နောက်ဆုံး ခေတ်မီသူတိုင်း ထုံချိုင်းဖြစ်ကုန်တယ်

ကလေးတွေရနေပြီဖြစ်တဲ့ ဂျင်းဘောင်းဘီမျိုးဆက်ဟာ

ဒုတိယထုံချိုင်းကို ဇဝေဇ၀ါနဲ့ လက်ခံလိုက်ရတယ်

ပထမ ထုံချိုင်းက ပြုံးပြုံး ပြုံးပြုံးနဲ့

အဆိုအကတွေက သေလို့ရတယ်

ကဲ ခု ဒုတိယထုံချိုင်းကရော....

မေးမနေနဲ့ဟေ့!

အဲ့မှာ အသရေဖျက်ခံထားရတဲ့

ကြက်၊ ၀က်၊ ငါးဖယ်၊ ပုဇွန်၊ ဂဏန်း၊ ကြက်ဥ

ကြိုက်တာကို ပြော ကြော်ထည့်လိုက်ရုံ

အချဉ်ကို အချို၊ အစပ်ခွဲထားတယ်

အရသာဟာ ငရုတ်ဆီနဲ့ပဲဆိုင်တယ်

အားလုံးဟာ ထုပ်ထုပ် ထုပ်ထုပ်

မစားဘူးသေးရင် စားကြည့်

အဟာရအကြောင်း မပြောနဲ့

ဘေးထွက်ဆိုးကျိုးအကြောင်း မပြောနဲ့

မ၀ဘူး ပြည့်သွားမယ်

ထုပ်ထုပ် ထုပ်ထုပ်

ဂျီစထရင်းနဲ့စတော့ကင်းတို့ရဲ့

ခေတ်ပျက်မြို့တော်ဟာ

အခြားအပေါစားတွေနဲ့အတူ

ထုံချိုင်းကို မွေးစားလိုက်တယ်

ထုံချိုင်းကလည်း သူကိုရီးယားမဟုတ်ကြောင်း

နောက်ဆုံးမှာ ၀န်ခံလိုက်တယ်

ကလေးတစ်ယောက်ကို အတုအကြောင်းရှင်းပြနိုင်တဲ့ထုံချိုင်း

ပျောက်သလိုလုပ်ပြီး ပြန်ပေါ်လာတဲ့ထုံချိုင်း

နေ့ခင်းလောက်ဆို လမ်းထိပ်ထွက်ပြီး

စားပွဲတစ်လုံးပေါ်တက်ထိုင်

အုပ်ဆောင်းလေးနဲ့

ယင်တောင် မောင်းပေးထားရသေးတဲ့

ထုံချိုင်းဟာ ရန်ကုန်သမိုင်းကို

ထုပ်ထုပ် ထုပ်ထုပ်နဲ့

ဘယ်လိုပြောရမှန်းမသိအောင် လုပ်သွားတယ်ကွယ်။

 
လူစိုး

Thursday, March 7, 2013

ယနေ့မှစ၍သင့်အား တာဝန်မှ အပြီးအပိုင်ရပ်စဲလိုက်သည်



ရိုးပုံရိုးပန်းနဲ့ ပိရိလိုက်တာ
ရိပ်မိသလိုလိုရှိတော့
ကဘား တွေပြိုကျ ...

ကတိတစ်ခုပေးခဲ့တယ်
ထိန်းခဲ့တယ် တည်ခဲ့တယ်
ကဘား တွေပြိုကျ

"ဆေးလိပ်တွေ ပြန်သောက်နေပြန်ပြီ ..
"အငွေ့တွေထဲမှာ အတိတ်ရှိတယ် ၊ အနာဂတ်ရှိတယ် ...
ခုတော့
ကဘား တွေပြိုကျ

မခိုင်တဲ့ကမ်းနဲ့မှ လှိုင်းကိုတမ်းတသူ
စိတ်ဟာ တစ်ချက်တစ်ချက် လွတ်ထွက်

ကဘား တွေပြိုကျ
ကဘား ထဲပြုတ်ကျ ။     ။

လူစိုး

(၂၀၀၉ခုနှစ်လောက်က ကဗျာပါ။)

စိတ်ကိုမလျှော့လိုက်နဲ့


အရင်လိုစိတ်လည်း မရှိတော့ဘူး
အရင်စိတ်နဲ့ဆိုလည်း မလွယ်ဘူး
လာမေးတဲ့မေးခွန်းတွေ
ရှိပြီးသားမေးခွန်းတွေ
အဖြေဟာ မရှိသလိုလို ရှာမရသလိုလိုနဲ့
တစ်ခွန်းမေး တစ်ခွန်းဖြေဆို
မေးတစ်ခွန်း ဖြေတစ်ခွန်း
လူများပြီး ပွဲမစည်
မှောင်နေတဲ့အခြမ်းကို ဖုံးရတာတစ်လုပ်
မင်သေလည်းခဏပဲ ရယ်မိလည်းခဏပဲ
ကိုယ်ကပါ မျက်စိပျက် မျက်နှာပျက်
ဝေဒနာနဲ့ မရဏက တစ်ချိန်လုံးရှိနေတယ်
ဆီးလုံးဝမသွားဘူး မောပဲမောနေတယ်
စိတ်ကို မလျှော့လိုက်နဲ့ ကြိုပြီးတော့  ရှင်းပြထားဦး
ဒီတောင်ကို ဒီတစ်ညနဲ့ အပြီးကျော်ရမှာ
ဆေးကိုစုပ်ထား ခိုင်းရင်မြန်မြန်လုပ်
ခေါင်း(ကိုက်)မခံနဲ့ ....မရှိ စိုက်လိုက်ရုံ
"မထူးချွန်ရင်လည်း နေပါစေ
နောင်တမရတဲ့ ဆရာဝန်ဖြစ်ချင်တယ်"*****
မသက်သာဘူး ချွဲတွေပိုများလာတယ်
ထပ်ပြီးရှင်းပြထား စိတ်ကို မလျှော့လိုက်နဲ့
ဟစိ ထိုးနေပြီ နှလုံးခုန်ရပ်နေပြီ
စိတ်ကို မလျှော့လိုက်နဲ့
ဇက် လည် ကျ သွား တယ် ..... ။     ။
  လူစိုး                                                
(*****) - ရှင်သန်လာသောနှလုံးသား .. ကိုရီးယား ဇာတ်လမ်းတွဲမှယူထားသည်။

အသိတရားသော်မှ မထွန်းကားရင်

အစွမ်းရှိသရွေ့ ကာကွယ်မယ်
ကြားအောင်ပြောမှ ဖြစ်တော့မယ်ဆိုပြီး
ရေဝေ ရေလဲတွေ
လွှမ်းတာ ကောတာတွေ
နံရံနဲ့ ကြမ်းပြင်တွေ သိအောင်သင်နေတုန်း
မြစ်လယ်ကသောင်တွေကို မြင်အောင်ကြည့်နေတုန်း
ကမ်းပါးယံတွေ တစ်ခုပြီးတစ်ခု
မြစ်ထဲတိတ်တဆိတ် ပျော်ဝင်သွားသလို
ငါတို့စိတ်လိုလက်ရမှုတွေဟာလည်း
မသိသူ မသိအားသူ
မသိချင်ယောင်ဆောင်သူ သိသော်လည်းဂရုမစိုက်အားသူတွေကြားမှာ
တိမ်ဝင်ပျောက်ကွယ်သွားနေတယ်
အသိတရားသောမှ မထွန်းကားရင်
အင်္ကျီဟာ အင်္ကျီပဲ
စကားလုံးတွေဟာ စကားလုံးတွေသက်သက်ပဲ
မြစ်ဟာ ပင်လယ်ဆီ တိမ်တိမ်လေး ကွေ့ဝိုက်စီးဆင်းလာနေသလို
ငါတို့ တိမ်တိမ်လေး မတွေးမိကြဖို့
ကွေ့ဝိုက်ပြီး မတွေးမိကြဖို့ လိုအပ်လာတယ်
မြေကို မြေလို့ပဲမြင်ရင်
မြေဆီကရှိသမျှ အကုန်ထုတ်ယူမိမယ်
မြစ်ကို မြစ်လို့ပဲမြင်ရင်
မြစ်ဆီက ဘာရမလဲ စဉ်းစားဦးမှာပဲ
အမျိုး ဘာသာ သာသနာတွေ
ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာတွေ
အားလုံးကို ထည့်မစဉ်းစားရင်တောင်
ဒီမြစ်ကတော့ မြစ်တစ်စင်းသက်သက်မဟုတ်ဘူးဆိုတဲ့
အသိတရားတစ်ခုတော့ ရှိဖို့ကောင်းပြီ
နေ့စဉ်စားဝတ်နေရေး ပရိဒေ၀တွေကြား
မြစ်ဟာ ခုစရာ တုံးမဟုတ်ဘူးဆိုတဲ့
အသိတရားတစ်ခုသော်မှ ထွန်းကားမလာတော့ရင်....။        ။

လူစိုး 
(အောင်ပင်လယ်မဂ္ဂဇင်းမှာ ပထမဆုံးပါခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ဒီကဗျာကိုပဲ သမဂ္ဂကလုပ်တဲ့ ဧရာဝတီပွဲလေးတစ်ခုမှာ သွားရွတ်ဖူးပါတယ်။ အမှတ်တရတွေ အများကြီးနဲ့ကဗျာပါ။)                      

မြစ်ဆုံး

ပုဂံ၊ လောကနန္ဒာဘုရားအနီးမှ ဧရာဝတီမြစ်
စီးမရ ခုတ်မရနဲ့

အပေးအယူမမျှတော့

ကွေ့ဟယ် ၀ိုက်ဟယ်

ကိုယ်ဖို့တဲ့သောင် ကိုယ်ပြန်ရှောင်ရင်း

တွန့်ခေါက်တိမ်ကောလို့

သားတွေဆီရောက်မလာတော့မယ့်

အမေ...။      ။

လူစိုး
(ဤကဗျာကို ကာတွန်းမြစ်ပြပွဲတွင် Themeကဗျာအဖြစ် အသုံးပြုခဲ့ပါသည်။)

ဝ မရှိတဲ့မာန

ပိုပြီးကောင်းလာမလားလို့
ကိုယ့်ပင်စည်ကိုယ် ဓားနဲ့ထစ်ခဲ့တာလည်း
အနာတရတွေသာ အဖတ်တင်
ပွင့်ဖူးတွေဝေမယ့်
နွေဦးနဲ့တော့ အလှမ်းဝေးနေတုန်း..
အဓိပ္ပါယ်တွေပြည့်နေတဲ့အခန်းကို
ဇောက်ထိုးမိုးမျှော် လုပ်ခဲ့ပြီးပြီ
နှစ်ကာလများစွာကို
“၀ိ”တစ်ခုတည်းနဲ့ လုပ်စားခဲ့ပြီးပြီ
ခံစားချက်တွေအကြောင်းပြောရင်
ငါ့အသံဟာ ဒေါသကြောင့်
မာထန်နေတုန်း
တစ်ငါတည်း ငါနေခဲ့တဲ့
---ငါ---
အခုထိလည်း ငါ တုန်း
မလျှော့နိုင်သေးဘူး။     ။

လူစိုး

မာရီယာ သဏ္ဍာန်မတူ ငါ

မင်းလက်နဲ့ တွန်းရွှေ့လိုက်တော့
အစိုပြန်နေတဲ့ မေတ္တာတရားဟာ
ငါ့ခြေထောက်ပေါ် ပြုတ်ကျသွား
မင်းက “ဂျူး”၀တ္ထုတွေနဲ့
ငါက “ကိုချောနွယ်” ကဗျာတွေနဲ့
ဒို့နှစ်ယောက်ကြားမှာ
စကားလုံးတွေသာ ဖောင်းကားလို့
ဘာရလဲ တွေးရင်
မင်းက ပေသီးကို ပြေးခေါက်တယ်
ငါက ဂန္ဓီ၊ ယန်နီနဲ့ မောင်သိန်းဆိုင်အကြောင်းပြောတာ
မင်းမှာ မဲ့မဲ့ရွဲ့ရွဲ့
ကျောင်းပဲပြီးအောင် လုပ်ဦးတဲ့
...
ငါအားနဲ့ပိတ်ကန်ပစ်လိုက်တော့
စေ့ရုံလေးတံခါးဟာ
ဝုန်းခနဲပွင့်သွားတယ်
ဒါပေမယ့် မာရီယာ..
မင်းကို ငါ လိုအပ်နေတုန်း။        ။

လူစိုး





နား

ပေးသလောက် ပြန်ရနိုင်မလား
တကယ်ပါ
ငှားစရာ နားတစ်ဖက်ရှိတဲ့
ခပ်လွယ်လွယ် သူငယ်ချင်းတစ်ယောက် လိုတယ် (ကာ့ဒ်ကိုဘိန်း)
ငါ့စကားတွေကို နားထောင်ဖို့
ဒီလိုဆို 
ငါ့နားနှစ်ဖက်လုံးကို မင်းကိုပေးမယ်
မင်းပြောပြီး ထွက်မသွားနဲ့
ငါပြောတာ ကြားလား
ငါမပြောတာရော မင်းကြားနိုင်လား
လာပါ
ငါ့ဘေးမှာ ထိုင်လှည့်
မင်းကို မော့မကြည့်ချင်ဘူး
ငါ့ကို နားတစ်ဖက်ငှားပါ
မင်းနဲ့ငါ သူငယ်ချင်း
မင်းဆဲရင်တောင်
ငါ ပြုံးနေမယ်။      ။

လူစိုး

မှားနေခဲ့သော နေ့နှင့်ညများ

အနိမ့် အမြင့်တွေကြား
သွေးက ပူလွယ်၊ အေးလွယ်
အိပ်ပျော်ဖို့ ကြိုးစားရတာ
ရေနစ်တာထက်ပင်ပန်းတယ်
ပျက်မှုတွေ ဆက်တိုက်နဲ့
သမုတိကင်းသောကမ္ဘာမှာ
နီးရာကိုင်းကို ခို
နီးရာကမ်းကို ကပ်
နီးရာဓားကို ကြောက်
တွယ်ဖက် ရုန်းကန်ခြင်းဟာ
ရှင်သန်ခြင်းဆို 
ဘယ်မလဲ ဘ၀ရဲ့ အဓိပ္ပါယ်
ဒီတစ်ခါ သက်ပြင်းနဲ့အတူ
ဝေနေယျအပေါင်းကို မေတ္တာပို့ပါတယ်
အထပ်ထပ်ရှာဖွေနေသမျှဟာ
ကိုယ့်ကိုကိုယ် ပြန်ချည်နှောင်သောကြိုးတွေ
နောက်ဆုံး
“ပြန်နိုးမလာတော့ရင်လည်း ဖြစ်ပါတယ်လေ”...။       ။

လူစိုး

ဒီပရက်ရှင်း

ကြည်နူးလို့ ပြုံးရင်ပဲဖြစ်ဖြစ်
နာကျည်းလို့ မဲ့ရင်ပဲဖြစ်ဖြစ်
မျက်နှာက အရေးအကြောင်းတွေသာ 
ထင်း ထင်းလာတယ်

အသက်အရွယ်အရ ငါဟာ လူငယ်
အတွေ့အကြုံအရ ငါဟာ အိုမင်းရင့်ရော်သူ (မောင်ဖီလာ)

ဟုတ်တယ်
တစ်ခုခုဖြစ်ဖို့ တစ်ခုခုလုပ်နေရတဲ့ဘ၀ကို
ငြီးငွေ့လွန်းလှပြီ
ဖြစ်ချင်တာတွေရော
ဖြစ်စေချင်တာတွေရော
တစ်ခုပြီးတစ်ခု မက်တဲ့ အိပ်မက်တွေရော
လူမို့ လောဘ ရှိရမတဲ့လား
ဒါဆို ငါ အခု
စိတ်ဓာတ်ကျနေတာပဲ။       ။

လူစိုး

ကောက်ရိုးနဲ့လုပ်တဲ့အိမ်

ပန်းခင်းလမ်းနဲ့ ပန်းမွေ့ရာ

အိပ်မက်လည်း ရိဆွေးနေပါပြီ

နေလို မီးလို မမြင်အောင်ရှောင်ပုန်း

ရိသဲ့သဲ့တွေနဲ့

မူယာမာယာတွေနဲ့

ဖြည်းဖြည်းချင်း တွန်းချမနေနဲ့တော့

ဒီမှာ!

မျက်နှာကို ရဲရဲကြည့်

လက်ညှိုးကို တည့်တည့်ထိုး

သွားတော့လို့ မင်းတစ်ခွန်းပဲပြောလိုက်

ငါလုံးဝ လှည့်မကြည့်ဘူး..

ကလေးကို ငါ ခေါ်သွားမယ်။       ။

လူစိုး

ပန်းကြွေမှော်

ရုတ်တရက်အတွေ့မှာ

ပန်းတစ်ပွင့်ကြွေ

မျက်မာန်ဟုန်ပြင်းလေပုံများ

လာလိုသူမှာလေ

သမုဒ္ဒရာခြားနေပေါ့

လှမ်းမြင်ရ ပါးတစ်ဖက်ကိုသာ

ကြည့် ရင်း ရင် မော...။       ။

လူစိုး

အချစ် (၃)


ကမ္ဗလာည ကောင်းကင်ယံမှာ

ကြယ်တွေကိုရေတွက်

စိတ်ကူးနဲ့ဆက်လိုက်တော့

ပြုံးနေတဲ့သူ့ဟန်

ပျက်သွားမလားစိုးစိတ်နဲ့

မျက်တောင် မခတ်ဝံ့ဘူး

နူးညံ့လိုက်တာ....။       ။

လူစိုး