Search This Blog

Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Wednesday, March 27, 2013

မြင်းရထားသမားမိုဟာမက် - ရမ်ပန်ဂျဝါနီ (ဘာသာပြန်သူ-လူထုဒေါ်အမာ)


မုန်တိုင်းကြီးကျတော့မယ်ဆိုရင် ကမ္ဘာလောကကြီးဟာ မကြုံစဖူး ငြိမ်သက်နေသတဲ့။ ခုလည်း လူမျိုးရေးမုန်တိုင်းကြီး ကျတော့မှာမို့ ကရာချိမှာ အငြိမ်ကြီးငြိမ်လို့ နေပါတယ်။ ဆင်းပြည်နယ်ကို ဟိန္ဒူစတန်ထဲက ဖဲ့ထုတ်လိုက်တော့မယ်၊ မွတ်စလင်တွေရဲ့ အိပ်မက်နိုင်ငံ ပါကစ္စတန်ဆိုတာကို ဖွဲ့စည်းပေးတော့မယ်၊ ဖွဲ့တဲ့အခါ ဆင်းပြည်နယ်ဟာ ပါကစ္စတန်ရဲ့ အချက်အချာ အခြေခံပြည်မ ဖြစ်ရမယ်ဆိုတဲ့ သတင်းတွေက ပျံ့နှံ့အောင် ထွက်နေပါပြီ။ ဒါ့ကြောင့် မွတ်ဆလင်တွေက သူတို့မြို့ ကရာချိဟာ ပါကစ္စတန်ပြည်သစ်ရဲ့ မြို့တော်ဖြစ်ရမှာပဲဆိုပြီး ၀မ်းသာနေလှကြပြီ။ အဲ ဟိန္ဒူတွေကတော့ ခေါင်းငိုက်စိုက်နဲ့ ဘာကိုမှန်းမသိသေးဘဲ ကြောက်ရွံ့ထိတ်လန့် နေကြပါတယ်။ အဲဒီလို ချောက်ချားမှုကြီးစာ ဆင်းပြည်နယ်ရဲ့ အစွန်အဖျားအထိ ရောက်ရှိနေပါပြီ။ 
နို့ပေမယ့် ကရာချိမှာ ဒီဂယက်ကြီး လုံးဝ ရိုက်ခတ်မှုမရှိသေးတဲ့ အရပ်ကလေးတစ်ကွက်တော့ ရှိလေသေးရဲ့။ အဲဒါကတော့ စီဗီလိုင်းရပ်ကွက်ပေါ့။ ဆင်းပြည်နယ်ကို အုပ်ချုပ်နေတဲ့ အုပ်ချုပ်သူ အရာရှိအရာခံ လူ့မလိုင်တွေရဲ့ နန်းတော်တမျှ နေအိမ်တွေရှိတဲ့ ရပ်ကွက်လေ။ ဒီလူတွေရဲ့ ကလပ်ဆိုတာ သိပ်နာမည်ကြီးတယ်၊ ကရာချိကလပ်တဲ့။ ပျော်ပွဲတွေ၊ ရွှင်ပွဲတွေ၊ ကပွဲတွေ၊ ထမင်းစားပွဲတွေနဲ့ အမြဲ တခြိမ့်ခြိမ့်နေတဲ့ကလပ်။ ဒီကလပ်ထဲမှာ ပျော်ပါးနေကြတာ ဟိန္ဒူတွေက အများဆုံး။
မှတ်မိသေးတယ်။ ၁၉၄၇ခု ဇူလိုင်လတစ်ညနေခင်းမှာ ကျွန်တော့်ကို အဲဒီကလပ်က ပါတီတစ်ခုကို ဖိတ်ထားတယ်။ ကျွန်တော် ထင်ပါတယ်၊ ကျွန်တော် မကြာခဏ သီဆိုနေတဲ့ သီချင်းတွေကို သဘောကျလို့ ဒီလိုဖိတ်တာ နေမှာပါ။ ဘယ်တော့မှ မပျောက်ကွယ်နိုင်တဲ့ ဂန္တ၀င်ဂီတစာဆိုကြီးသုံးဦး (ရှား၊ ဆာချယ်၊ ဆာမိ)တို့ရဲ့ တေးသီချင်းတွေ၊ အူရဒူကဗျာဆရာကြီးရဲ့ တေးသီချင်းတွေကို ကျွန်တော်သီဆိုရင် လူတွေက သိပ်နှစ်သက်ကြတာပါ။ ကျွန်တော့်ကိုဖိတ်တဲ့ ကျွန်တော့်သူငယ်ချင်းက သူတော့ ကလပ်ကို စောစောကပဲ သွားနှင့်မယ်၊ လုပ်စရာရှိတဲ့ အစီအစဉ်တွေကို လုပ်နှင့်မယ်၊ ကျွန်တော်ကတော့ နောက်ကျမှ လိုက်လာခဲ့ပါလို့ စာကလေးတစ်စောင် ရေးထားခဲ့ပြီး မှာခဲ့တယ်။ 
ဒါ့ကြောင့် ကျွန်တော်က ကလပ်ကို သွားဖို့ မြင်းရထားတစ်စီးရှာနေတော့ ညနေ (၇)နာရီလောက် ရှိနေပါပြီ။ မှောင်ပြီမို့ ကျွန်တော့်ရင်တွေက ခုန်နေတယ်။  ကလပ်မသွားတော့ဘဲ အိမ်ပြန်တာပဲ ကောင်းပါတယ်လို့လည်း စဉ်းစားနေပါပြီ။ မြို့ဘက်ပိုင်း ဂါရီခါဘားကနေပြီး စီဗီလိုင်းကို သွားရမှာက လမ်းမှာလူပြတ်သေးတော့ ဒီလမ်းကို ဒီအချိန် ကျွန်တော်တစ်ယောက်တည်း စွန့်သွားရမှာ ၀န်လေးနေပါတယ်။ ဒါပေမယ့် ကျွန်တော်လာမယ်ဆိုပြီးမှ မလာရင် ကျွန်တော်လည်း နာမည်ပျက်မယ်၊ ကျွန်တော့်မိတ်ဆွေလည်း မျက်နှာပျက်ရမယ် မဟုတ်လား။ ဒါ့ကြောင့် စိတ်ကိုတင်းပြီး ကျွန်တော်ရပ်နေတဲ့အနား မြင်းရထားတစ်စီးစီး လာရပ်ရင် လိုက်သွားတော့မယ်လို့ ကျွန်တော်အောက်မေ့လိုက်ပါတယ်။
ကျွန်တော့်စိတ်ထဲ ကြောက်တာတစ်ဖက်၊ စိုးရိမ်တာတစ်ဖက်နဲ့နေတုန်း ဗြုန်းဆို မြင်းရထားတစ်စီးပေါ်က ရထားသမားရဲ့ အသံကြောင့် ကျွန်တော်လန့်သွားတယ်။ သူကတော့ တရင်းတနှီး “ဆရာ ဘာတွေစဉ်းစားနေတာလဲ၊ တစ်နေရာရာကို သွားချင်တာများ ရှိသလား”တဲ့။
ကျွန်တော် ရုတ်တရက်တော့ ကြောင်နေတယ်။ ဒါပေမယ့် ဣနြေ္ဒဆည်ပြီး “ကျွန်တော့်မိတ်ဆွေက ကားနဲ့လာခေါ်မယ်ဆိုလို့ သူ့မျှော်နေတာပါ၊ သူဘာလို့ ပေါ်မလာတယ်မသိဘူး”လို့ ပြောလိုက်တော့ မြင်းရထားဆရာက ချက်ချင်းပဲ “ကျွန်တော့်ရထားပေါ် တက်စီးလိုက်ပါဆရာ၊ ဆရာသွားလိုရာကို ကားနဲ့သွားရသလိုပဲ မြန်မြန်ရောက်အောင် ပို့ပေးမှာပေါ့ဆရာ”တဲ့။
ဒါနဲ့ ကျွန်တော်က ဟန်မပျက် “ကျွန်တော် ကရာချိကလပ်ကို သွားချင်တာပါ၊ ခင်ဗျားပို့ပေးနိုင်သလား”လို့ မေးလိုက်တော့ သူက မဆိုင်းမတွ “အဲဒီကို မိနစ်နည်းနည်းနဲ့ ရောက်ပါတယ်ဆရာ၊ ကဲ ကျွန်တော့်ရထားပေါ်ပဲ တက်ပါ၊ ဆရာထင်တာထက် မြန်မြန် ရောက်ပါစေ့မယ်”တဲ့။
ဆင်းပြည်နယ်စကားကို သူပြောတဲ့အသံက ကျွန်တော့်ကို စိတ်ချလက်ချစီးဖို့ တိုက်တွန်းသလိုပဲ။ မြို့စွန်ကိုခွာပြီး စီဗီလိုင်းဘက်ကို ရထားဦးတည်လိုက်တဲ့အခါ မြင်းရထားဆရာက သူ့မြင်းကို ကြာပွတ်သံပေးရင်း အသံလေးတစ်မျိုးနဲ့ “ကဲ ဖေ့သား အပြေးဘယ်လောက်ကောင်းတယ်ဆိုတာ ဒီဆရာကြီး သိပါစေ သူ့လိုလူကို မင်းနေ့တိုင်း ပို့ပေးနိုင်တာမဟုတ်ဘူး၊ ခုတစ်ကြိမ်စီးပြီး ဒုတိယအကြိမ် စီးပါလိမ့်ဦးမယ်လို့တောင် မင်းမမျှော်လင့်နိုင်ဘူး”တဲ့။
ညကလည်း မှောင်မှောင်လာပြီ။ လမ်းကလည်း အသွားအလာ အလွန်နည်းတဲ့နေရာမှာ။ မြင်းရထားသမားရဲ့ စကားတွေက အဓိပ္ပါယ်နှစ်မျိုးထွက်နေလေတော့ ကျွန်တော့်စိတ်ထဲ တစ်မျိုးတစ်မည် ထင်လာပြီး အကြောက်က လွှဲဖယ်လို့မရဘူး။ သူ့ရထားကို ကျွန်တော်နောက်တစ်ခါ ထပ်စီးနိုင်မှာမဟုတ်ဘူးလို့ သူက ဘာ့ကြောင့် အသေအချာကြီး ပြောနေရတာလဲ၊ သူ့စကားကလည်း ဘာအဓိပ္ပါယ်လဲလို့ စဉ်းစားတုန်း မြင်းရထားသမားက သူ့မြင်းနဲ့ စကားပြောပြန်ပါရော၊ နောက်တစ်ကြိမ်။ “မကြောက်နဲ့ ဖေ့သား၊ မင့်ကို ဘယ်သူကမှ မတားမြစ်နိုင်ဘူး၊ မင့်ခွာကို မြေကကြွပြီး အာကာယံကိုတက်ဖို့ ကြိုးစားတော့၊ ဒီဆရာက လူ့ပြည်မှာ ကောင်းကောင်းစံစားပြီးပြီ၊ ကောင်းကင်ဘုံကို မင်းက ပို့တော့”တဲ့။
ကောင်းကင်ဘုံကိုတဲ့။ ကျွန်တော့်နှလုံးဟာ အခုန်ရပ်သွားသလား အောက်မေ့ရတယ်။ မြင်းရထားသမားရဲ့ စကားကို ကျွန်တော်တကယ်ပဲ သံသယရှိလာပါပြီ။ ဒီလိုနေတုန်း သူ့မြင်းရထားက ဗြုန်းဆို ရပ်သွားပါလေရော။ ပြီးတော့ ရထားသမားက အပေါ်ကအောက်ကို ဆင်းလာတယ်။ ပါးစပ်ကလည်း ဘာတွေမှန်းမသိ ရေရွတ်လို့။
သေချာပါပြီ၊ ကျွန်တော်လူ့ပြည်မှာ ကြာကြာနေဖို့ မရှိတော့ပါဘူး။ ခုတ်မောင်နေတဲ့ မီးရထားပေါ်ကတောင် ဟိန္ဒူရထားစီးတွေကို နေ့ခင်းကြောင်တောင်ကြီး တွဲပေါ်က တွန်းချခဲ့တာတွေ ရှိဆို မဟုတ်လား။ ခု ဒီနေရာက မှောင်လည်းမှောင်နေတာ၊ ကျွန်တော်က တစ်ယောက်တည်း။ ကျွန်တော့်ကို အနိုင်ကျင့်လို့လည်းရတယ်၊ သတ်ပစ်ခဲ့ချင်လည်း ရတယ်။ ပြီးတော့ တွင်းထဲ၊ ချိုင့်ထဲ ပစ်ချထားခဲ့ရုံပဲ။ 
လူတစ်ယောက်အဖို့ မိတ်ဆွေသင်္ဂဟတွေ ၀ိုင်းနေတယ်ဆိုတဲ့အချိန်မျိုးမှာ အန္တရာယ်ကိုဖြစ်ဖြစ်၊ သေရမှာကိုဖြစ်ဖြစ် သိပ်မမှုဘူးဆိုရင်တော့ ဟုတ်တာပေါ့။ အခုလို ကိုယ့်ခြေထောက်က ချောက်ထိပ်မှာရပ်နေရတာဆိုတဲ့အခါမျိုးမှာတော့ တစ်မျိုးပေါ့။ သတ္တိတွေ ဘာတွေက ဘယ်နေရာက စိမ့်ယိုထွက်ကုန်ပြီလဲ မဆိုနိုင်ဘူး။ သွေးတွေကလည်း အားလုံးဆုတ်ကုန်ပြီ ထင်ပါရဲ့။ ဒူးတွေကလည်း တုန်လာတယ်။ ဦးနှောက်ကလည်း ဘာမှ ကြည်ကြည်လင်လင် တွေးနိုင်စွမ်း မရှိတော့ဘူး။
မြင်းရထားသမားက မြေပြင်ရောက်လာတော့ “စိတ်မပူပါနဲ့ဆရာ၊ ဆရာသွားချင်တဲ့ဆီ အမြန်ဆုံးရောက်အောင် ကျွန်တော်ပို့ပေးမှာပါ”တဲ့။
ပြောပြောဆိုဆို သူ့လက်ထဲ အင်မတန်ကြီးတဲ့ သံချွန်ကြီးတစ်ချောင်းကို ကိုင်လာတာ ကျွန်တော်မြင်လိုက်တော့ ကျွန်တော်ဖြင့် သတိလစ်သွားသလားတောင် အောက်မေ့လိုက်တယ်။ ကျွန်တော့်ကိုယ်က အပေါက်ရှိသမျှမှာ ချွေးတွေ ထွက်ကျလာတယ် ထင်ပါတယ်။ လူကလည်း ထိုင်ရာမှာပဲ အတောင့်လိုက်ကြီး ခဲနေသလိုပဲ။ ဒီအချိန် ကားတစ်စီးဖြတ်သွားပါတယ်။ ကျွန်တော်က အော်ပြီး အကူအညီတောင်းဖို့ သတိလည်းမရဘူး၊ ရလည်း သတ္တိမရှိဘူး။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော် ဒီအတိုင်း ကာလအတိုင်းမသိ ထိုင်ကြည့်နေမိတယ်ထင်တာပဲ။ မြင်းရထားသမားကတော့ ကျွန်တော့်ဆီကို မလာဘဲ သူ့မြင်းဆီကို သွားနေတာကို မြင်ရပါတယ်။ ခဏနေတော့ မြင်းရထားသမားက “မြင်းခါးပတ်ကြိုးထဲ ၀င်နေတဲ့သံချောင်းကို နှုတ်ပစ်ရပြီး ခုနင်က သံချွန်နဲ့ ခဏတွဲထားလိုက်ပြီဆရာ၊ ဆရာ အချိန်နှောင့်နှေးသွားတာတော့ ကျွန်တော် စိတ်မကောင်းပါဘူး“တဲ့။
ကျွန်တော်က “ကိစ္စမရှိပါဘူး”လို့ပဲ ပြန်ပြောမိတယ်။ မြင်းရထားက ဆက်မောင်းသွားပါတယ်။ ကျွန်တော်လည်း သူ့ရထားထဲမှာပဲ မျက်ရည်တွေ ကျလာတယ်။
မြင်းရထားသမားကတော့ စောစောကလိုပဲ သူ့မြင်းကိုဆက်ပြီး စကားတွေ ပြောလိုက်လာတာပဲ။ ဒါပေမယ့် ကျွန်တော့်စိတ်တွေက ဟိုဒီပြန့်လွင့်နေပြီမို့ သူ့စကားတွေကိုလည်း ဂရုမစိုက်မိတော့ပါဘူး။ ကလပ်ရှေ့မှာ မြင်းရထား ရပ်လိုက်တော့မှပဲ ကျွန်တော့်အာရုံ ပြန်စုစည်းမိတယ်။
ကျွန်တော် သူ့ရထားပေါ်က ဆင်းလိုက်ပြီး ရထားခပေးမယ်လို့ အိတ်ထဲက ပိုက်ဆံနှိုက်ယူရင်း “ဘယ်လောက်ပေးရမလဲ”လို့ မေးတော့ သူက ကျွန်တော့်မျက်နှာကို ကြည့်လိုက်ပြီး “မျက်ရည်တွေနဲ့ ဘာဖြစ်လို့လဲဆရာ”တဲ့။
ကျွန်တော့်မှာ ရှက်လိုက်တာ။ ဖုံးကွယ်လို့ မရတော့ဘူးပေါ့။ ရှက်ရှက်နဲ့ ပြုံးလိုက်ရပြီး “ဘာမှ မဖြစ်ပါဘူးဗျာ၊ ကဲ ပြောပါ၊ ကျေးဇူးပြုပြီး ဘယ်လောက်ပေးရမှာလဲ”လို့ မေးတော့ မြင်းရထားသမားက ထိထိခိုက်ခိုက်ရှိလှတဲ့အသံနဲ့ “ခုရက်တွေမှာ ငါးကျပ်တောင်းတယ်ဆရာ၊ ထုံးစံကတော့ စီဗီလိုင်းကို တစ်ကျပ်ခွဲပဲယူရတာ၊ ဒါပေမယ့် ဆရာ ကျွန်တော့်ကို ပိုက်ဆံတစ်ပိုင်မှ မပေးနဲ့”
“ဟင် ဘာလို့လဲ၊ ဘာလို့ ကျွန်တော့်ဆီက ပိုက်ဆံမယူတာလဲ”
ရထားသမားက ဂုဏ်သိက္ခာရှိတဲ့ အသံနဲ့ “ကျွန်တော်က ကျောက်တူးသမားမိဘက မွေးတဲ့ ကျောက်တူးသမားမျိုးရိုးဆရာ။ မနေ့က ကျွန်တော်တို့အရပ်ထဲလာပြီး ဆရာသီချင်းတွေ ဆိုတယ်လေ။ ဇဖားကြီး ကိုယ်တိုင် (ဒေလီက နောက်ဆုံးမဂိုဘုရင် ဗဟာဒူးရှားဇဖာ၊ နန်းကျဘုရင်ဇဖာရှားအဖြစ် ရန်ကုန်မှာ သင်္ဂြိုလ်ထားသူ)  သီကုံးခဲ့တဲ့ ကြေကွဲဖွယ်သီချင်းတွေပေါ့။ အဲဒီပွဲမှာပဲ ကျွန်တော် ဆရာ့ပရိသတ် အသည်းစွဲတစ်ယောက် ဖြစ်သွားတယ်။ ဒါ့ကြောင့် ဆရာနဲ့များ ကြုံကြိုက်ရင် ကျွန်တော့်ရထား အလကားစီးခိုင်းမယ်လို့ ကျွန်တော်က ဆုံးဖြတ်လိုက်တယ်။ အဲဒီအခွင့်အရေး ခုပေါ်တာပဲဆရာ”တဲ့။
ကျွန်တော်က သူ့ကို အကြိမ်ကြိမ် ပိုက်ဆံအတင်းပေးပါသေးတယ်။ သူက မယူပါဘူး၊ ငြင်းပါတယ်။ အဲ တစ်ခုတော့ သူ့ကို ကျေးဇူးပြုပါတဲ့။ တကယ်လို့များ သူတို့အရပ်ကို ကျွန်တော် နောက်တစ်ကြိမ် သီချင်းဆိုဖို့ ရောက်လာရင် သူ့နာမည်မြင်းရထားသမား မိုဟာမက် ဆိုတာကို ခေါ်ဖို့ မမေ့ပါနဲ့တဲ့။
ကျွန်တော်လည်း သူ့ကိုထားခဲ့ပြီး ကလပ်ထဲကို ၀င်ခဲ့တယ်။ ဒါပေမယ့် အဲဒီညတစ်ညလုံး ကျွန်တော့်စိတ်တွေ တက်ကြွမှု မရှိတော့ပါဘူး။ ကျွန်တော့်ကို ကျွန်တော် မြင်းရထားသမားနဲ့လည်း အကြိမ်ကြိမ် နှိုင်းယှဉ်နေမိတယ်။ ကျွန်တော်ဟာ သူ့လောက်မှ ယောက်ျားမပီသ၊ သဘောထားမမြင့်မြတ်ပါဘဲကလားလို့ ကိုယ့်အဖြစ် အောက်တန်းကျပုံကို မကျေနပ်တော့ဘူးလေ။
အဲဒီနောက် သိပ်မကြာခင်မှာပဲ ကျွန်တော် ကျောက်ထုသမားတွေရဲ့ ရပ်ကွက်ကိုရောက်ခဲ့ပြီး သူတို့နဲ့ တစ်ညခင်း အချိန်ကုန်ခဲ့ရတယ်။ သီချင်းဆိုတဲ့လူက ကျွန်တော်ရယ်၊ အစ်ရှူးရယ်၊ အစ်ဆာရယ် သုံးယောက်။ ပွဲလာပရိသတ်က နည်းတဲ့လူအုပ်ကြီးမဟုတ်ဘူး။ အဲဒီမှာ သီချင်းဆိုနေကြတုန်း ကျွန်တော့်မြင်းရထားသမား မိုဟာမက်ကို သွားပြီး သတိရတယ်။ ဒါ့ကြောင့် သီချင်းတွေဆိုရင်းကနေပြီး ဒီပရိသတ်ထဲ မြင်းရထားသမား မိုဟာမက်ပါသလား၊ ရှိသလား၊ ပါရင် ရှေ့ထွက်ခဲ့ပါလို့ ကျွန်တော် စင်ပေါ်ကနေ မေးလိုက်မိတော့ မိုဟာမက်က ကျွန်တော်တို့နဲ့ ဘာမှ မဝေးတဲ့နေရာမှာ သူရှိနေတာပဲ။ “ကျွန်တော် ဒီကခင်ဗျာ့”လို့ သူက မတ်တတ်ရပ်ပြပါတယ်။
ဒါနဲ့ ကျွန်တော်က “ခင်ဗျားသိပ်ကြိုက်တဲ့ ဇဖားဗဟာဒူးရှားရဲ့ တေးသီချင်းတွေ ကျွန်တော်ဆိုမယ်နော်၊ နားထောင်ပါ”လို့ ပြောလိုက်တဲ့အခါ အလွန်ဝမ်းသာတဲ့ အသံကြီးနဲ့ “ကျေးဇူးကြီးလှပါတယ်ဆရာ၊ ကြားပါရစေ”လို့ သူက ပြန်ပြောပါတယ်။
သီချင်းဆုံးသွားတဲ့အခါ ကျွန်တော်က မိုဟာမက်ကို စင်ပေါ်တက်ခဲ့ဖို့ မေတ္တာရပ်လိုက်ပါတယ်။ ကျွန်တော့်အဖော်တွေက ကျွန်တော်ဒီလို ဖိတ်ခေါ်လိုက်တဲ့ မိုဟာမက်ဟာ နာမည်ကြီးဂီတသမားတစ်ယောက် ဖြစ်လိမ့်မယ်လို့ ထင်ကြသတဲ့။ ဒါနဲ့ ကျွန်တော်က မဟုတ်ပါဘူး၊ တေးဂီတတွေကို နှစ်သက်မြတ်နိုးသူတစ်ယောက်သာပါလို့ ပြောရတယ်။
မိုဟာမက် စင်မြင့်ပေါ်ကို ရောက်လာတဲ့အခါတော့ ကျွန်တော်က ကျွန်တော့်လည်ပင်းမှာ ရှိနေတဲ့ ပန်းကုံးတွေကို ဖြုတ်ပြီး သူ့လည်ပင်းမှာ စွတ်ပေးလိုက်တော့ ပရိသတ်က သဘောကျလို့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းအကြာကြီး ထွက်ပေါ်လာပါတယ်။
သြဘာသံတွေ တိတ်သွားတော့ မိုဟာမက်က အလွန်ဣနြေ္ဒရစွာနဲ့ ပရိသတ်ကို အရိုအသေပြုလိုက်ပြီး သူ့လို သာမန်မြင်းရထားသမားတစ်ယောက်ကို ဂုဏ်ပြုချီးမြင့်မှုဟာ မတန်အောင်ဘဲ ကြီးကျယ်လှပါတယ်လို့ လူတွေကို သူက ပြောပြတယ်လေ။
ဒါနဲ့ ကျွန်တော်ကလည်း မိုဟာမက် ကျွန်တော့်အပေါ် ရက်ရက်ရောရော ဟိုတလောက ပြုမူပုံကို ပြောပြရပါတယ်။ ဒါပေမယ့် ကျွန်တော့်ပျော့ညံ့ချက်နဲ့ ကျွန်တော် အကြောင်းမဲ့ အကြောက်လွန်ခဲ့ပုံကိုတော့ မပြောပြပါဘူး။
မိုဟာမက်က သူရထားခမယူဘဲ ကျွန်တော့်အပေါ် ပြုစုခဲ့မှုကို ကျွန်တော်က ပရိသတ်ထဲ ခုလို ထုတ်ဖော်လို့တဲ့၊ အလွန်ထိထိခိုက်ခိုက်ဖြစ်ရှာပြီး ကျွန်တော့်ခြေထောက်ကို ဖက်ကာ အလေးပြုပါတယ်။ ပြီးတော့မှ ထပြီး အသံချဲ့ခွက်ရှိရာကို သွားကာ “မပြောပလောက်တဲ့ သူ့စေတနာလေးတစ်ခုကို ရေးကြီးခွင်ကျယ်လုပ်ပြီး ထုတ်ဖော်နေတာပါ၊ တကယ်ဆိုတော့ ဒီပုဂ္ဂိုလ် ပရိသတ်ကြီးကို ချိုမြိန်လှတဲ့ သူ့အသံနဲ့ ဖြေဖျော်နေတာနဲ့စာရင် ကျွန်တော့်အပြုအမူက ဘာမှ အဖိုးမတန်ပါဘူး။ ကျွန်တော်ဟာ ဒီအခွင့်အရေးမျိုးကို ရဦးမယ်ဆိုရင် အကြိမ်ကြိမ် ပြုမူဦးမှာပါ”လို့ မိုဟာမက်က ပြောလိုက်ပါတယ်။ ဒီလိုပြောတော့ ကျွန်တော်က သူ့ကိုဖက်လို့ သူက ပြန်ဖက်တဲ့အခါ ပရိသတ်ကြီးရဲ့ သြဘာသံကြီးက နားကွဲမတတ်ပါဘဲ။ ပြီးတော့ မျက်ရည်တွေ ၀ိုင်းလာတဲ့ လူတွေ မရေတွက်နိုင်ပါဘူး။ အဲဒါပြီးတော့ ကျွန်တော်တို့ အဆိုသမားတွေရဲ့ သီဆိုဖျော်ဖြေမှုကလည်း မကြုံဖူးအောင် တက်ကြွလန်းဆန်းပြီး အောင်မြင်လှပါတယ်။

   xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒီကိစ္စဖြစ်ခဲ့တာ အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး မခွဲခြမ်းခင်ကလေးကပါ။ တကယ်ခွဲလိုက်တဲ့အခါမှာတော့ ပွဲတွေလမ်းတွေနဲ့ အလွန်လှပတဲ့ မိန့်ခွန်းရှည်ကြီးတွေနဲ့ ခွဲခဲ့ပေမယ့် ပါကစ္စတန်နိုင်ငံဆိုပြီး ပေါ်ပေါက်လာမှုဟာ တစ်နေရာက တစ်နေရာကို ရွှေ့ကြပြောင်းကြ၊ အထူးသဖြင့် ဟိန္ဒူတွေ ဆင်းပြည်နယ်ထဲက အများကြီး ပြောင်းပြေးရတဲ့ ကိစ္စကြီးပါပဲ။ ကျွန်တော့်မိတ်ဆွေတွေထဲက အိန္ဒိယဘက်ကို ပြောင်းသွားကြတာ အများကြီးပါပဲ။ ကျွန်တော်ကတော့ မပြောင်းဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ ဒီမှာ ကာလအတိုင်းမသိ နေလို့ရမှာပဲလို့ မျှော်လင့်နေတာပဲ။ 
အဲ နောက်ဆုံးကျတော့ ဘယ်တော့မှ မမေ့နိုင်တဲ့နေ့ရက်၊ ၁၉၄၈ခု ဇန်န၀ါရီလ (၆)ရက်နေ့ကို ရောက်လာပါတော့တယ်။ အဲဒီနေ့မှာ ကျွန်တော်က သွားနေကျအတိုင်း ကောလိပ်ကို ခပ်စောစောပဲ ထွက်လာခဲ့တယ်။ နေ့ခင်း (၁၁)နာရီထိုးတော့ အိမ်ပြန်ခဲ့ရော။
အိမ်ပြန်မယ်လို့ အာတီလာရီဟေဒင်လမ်းကို သွားဖို့ ဘန်းလမ်းကိုအကူးမှာ မြင်းရထားတစ်စီး ကျွန်တော့်နားကိုလာပြီး ထိုးရပ်တာနဲ့ မော့ကြည့်လိုက်တော့ မိုဟာမက်ရဲ့ ရထားဖြစ်နေတယ်။
မိုဟာမက်ရဲ့ မျက်နှာက ကျွန်တော့်ကို ခေါ်တဲ့အခါ ခါတိုင်းလို ပြုံးရွှင်မနေဘူး၊ သောကတွေနဲ့။
“ဆရာ ရထားပေါ် ခပ်မြန်မြန်တက်ပါ၊ ဒီလိုနေ့မျိုးမှာ ခြေကျင်သွားနေရသလား”တဲ့။
ကျွန်တော် အံ့သြသွားတယ်။ “ဘာလို့လဲ၊ ဘာတွေဖြစ်ကုန်ကြပြီလဲ”လို့ မေးလိုက်တော့ မိုဟာမက်က အံ့သြဟန်နဲ့ “ဆရာ ဘာမှမသိဘူးလား၊ ကရာချိတစ်မြို့လုံး ဘာတွေဖြစ်ကုန်ကြပြီဆိုတာ ဆရာမသိသေးဘူးပေါ့။ ဆရာ့အိမ်နားမှာကိုပဲ မီးရှို့တာ၊ သတ်တာ၊ ဖြတ်တာ၊ လုယက်တာတွေ ဖြစ်ကုန်ပြီဆရာ။ ကဲ အချိန်ဖြုန်းမနေနဲ့၊ ကျွန်တော် ဆရာ့ကို အိမ်ပြန်ပို့ပေးမယ်၊ တက်”တဲ့။
နောက်ထပ် နှစ်ခါမခေါ်ရဘူး။ ကျွန်တော်လည်း မိုဟာမက်ရဲ့ မြင်းရထားထဲ ခုန်တက်ထိုင်လိုက်တယ်။ လမ်းပေါ်မှာ လုသူယက်သူတွေ ပြည့်နေတာပဲ။ မြို့ထဲက ဟိန္ဒူလူနည်းစုအပေါ် ကျူးလွန်ထားမှုတွေနဲ့ သူတို့မှာ သွေးစွန်းပြီး လောဘမသတ်နိုင် ဖြစ်နေကြပုံပဲ။ ရဲဌာနရှေ့လည်းမရှောင်၊ ဟိုက်ကုတ်နဲ့ အတွင်းဝန်များရုံးကြီးရှေ့မှာလည်းမရှောင် လုပ်နေလိုက်ကြတာ။ ကျွန်တော့် မြင်းရထားသမား မိုဟာမက်ကတော့ ဘယ်ကကြည့်ကြည့် မွတ်ဆလင်ပီပီသသကြီးမို့ သူ့မြင်းရထားဆိုရင် ချောချောမောမော မောင်းခွင့်ပေးကြတယ်။ မြင်းရထားထဲမှာ ဘယ်သူပါလာတယ်ဆိုတာကို ကြည့်မနေကြဘူး။ ဒါ့ကြောင့် မိုဟာမက်ကျေးဇူးနဲ့ ကျွန်တော့်အိမ်ကို ကျွန်တော် ချောချောမောမော ပြန်ရောက်ပါတယ်။ အိမ်လှေကားကို တက်ကြည့်တော့လည်း ကံအားလျော်စွာ ဘယ်သူကမှ ဖျက်ဆီးချိုးဖဲ့ထားတာကို မတွေ့ရဘူး။ မိုဟာမက်က ကျွန်တော့်ကို အိမ်ခန်းထဲမှာပဲနေဖို့ မှာထားခဲ့ပြီး မြို့ထဲက အခြေအနေတွေကို သူစုံစမ်းဖို့ ထွက်သွားပါတယ်။ ဒါ့ကြောင့် မိုဟာမက် ပြန်မလာမချင်း ကျွန်တော့်မှာ စိုးရိမ်မှုတွေ အဖြာဖြာနဲ့ စောင့်နေရတာပေါ့။ 
နှစ်နာရီ၊ သုံးနာရီကြာမှ မိုဟာမက်ပြန်လာတယ်။ အခြေအနေကို ထိန်းသိမ်းဖို့ ဒီကိစ္စကို ဗဟိုအစိုးရက ကိုင်တွယ်လိုက်ပြီ၊ မြို့ထဲမှာ စစ်တပ်တွေက လှည့်ပြီးစောင့်ကြပ်နေပြီဆိုတဲ့ သတင်းစကား သူ့ဆီက ကြားရတဲ့အခါ ကျွန်တော်သိပ်ဝမ်းသာသွားတယ်။ မြို့ပေါ်မှာ (၄၈)နာရီ ကာဖျူးအမိန့်ထုတ်လိုက်ပြီ။ မာရှယ်လောလည်း ကြေငြာလိုက်ပြီတဲ့။ အာဏာပိုင်တစ်ဦးဦးက လက်မှတ်ထိုးခွင့်ပြုတဲ့ ခွင့်ပြုချက်မပါရင် ဘယ်သူမှ လမ်းပေါ်မှာ မရှိရတော့ဘူးတဲ့။ မိုဟာမက်က ကျွန်တော့်အိမ်ကိုလည်း အစောင့်အဖြစ်နဲ့ နေမယ်။ လုယက်ယူငင်ချင်သူ လူလေလူလွင့်တွေ၊ အယူသီးတဲ့ လူကြီးလူကောင်းတွေ ဘယ်လိုလူမျိုးမှ ကျွန်တော်တို့အိမ်တွေကို မီးတင်ရှို့တာ၊ မတော်မတရားလုပ်တာ မရှိအောင်လည်း စောင့်ရှောက်ပေးပါတယ်။
မိုဟာမက် ကြိုတင်ပြောသလိုပဲ ဖြစ်လာပါတယ်။ လူပွေလူရှုပ်တွေနဲ့ အယူအသီးတွေရဲ့ အဖျက်အဆီးအမျိုးမျိုးတော့ ရပ်ဆိုင်းသွားပါပြီ။ ဒါပေမယ့် ကာဖျူးအမိန့် ရုပ်သိမ်းလိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် မြို့ထဲမှာရှိတဲ့ ဟိန္ဒူတွေ ဒီမြို့က ထွက်ခွာဖို့၊ အိန္ဒိယဘက် ပြောင်းကြဖို့ ကီးမာရီဆိပ်ကမ်းကို ထွက်ခွာခဲ့ကြရပါတော့တယ်။ မိုဟာမက်လည်း အိမ်ကို နေ့တိုင်းလာပြီး ကျွန်တော်သွားလိုရာကို သူ့မြင်းရထားနဲ့ လိုက်ပို့ပါတယ်။ ကျွန်တော့်ကို ခြေလျင်သွားခွင့် လုံးဝမပြုတော့ဘူး။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခုလို မလုံမခြုံနဲ့ မရေမရာ အခြေအနေကြီးကတော့ အမြဲဖြစ်မနေသင့်ပါဘူး။ တစ်နေ့တော့ မိုဟာမက်က ကျွန်တော်တို့ အိမ်စုထဲက တစ်စုံတစ်ရာ ထူးခြားမှုကို သတိပြုမိပုံရတယ်။ ကျွန်တော့်ကို တိုက်ရိုက်ပဲ သူကမေးတယ်။ “ဆရာလည်း ပစ္စည်းထုပ်ပိုးနေပြီလား”တဲ့။
ကျွန်တော်က “ခင်ဗျားက ကျွန်တော့် ဘာလုပ်စေချင်သလဲ”လို့ ပြန်မေးပါတယ်။
မိုဟာမက်လည်း ဖြေရတော့တာပေါ့။ “အကုန်ခြုံကြည့်လိုက်တော့ ဆရာလည်း သွားမှကောင်းမှာပေါ့။ အိန္ဒိယဘက်က မူဟာဂျိစ် (မွတ်ဆလင်)တွေ ပြောင်းလာကြမှတော့ ဒီဘက်မှာရှိတဲ့ ဟိန္ဒူတွေလည်း အိန္ဒိယထဲ ပြောင်းရမှာပေါ့။ အဲ တစ်ခုတော့ ရှိတယ်၊ ဆရာတို့ ဘယ်တော့လောက် သွားသင့်တယ်ဆိုတာတော့ ကျွန်တော်နဲ့လည်း တိုင်ပင်ပါ။ ဒါမှ ကျွန်တော်တတ်နိုင်သလောက်ကလေး ဆရာတို့ကို ကူညီနိုင် စောင့်ရှောက်နိုင်မှာပါ။ စိတ်တော့မကောင်းဘူးဆရာရယ်”တဲ့။
“ဘုရားသခင်ရဲ့ အလိုတော်အတိုင်းလို့သာ အောက်မေ့ပါတော့”လို့ ကျွန်တော်လည်း ပြောလိုက်တယ်။ မိုဟာမက် စိတ်ဆင်းရဲနေတာမြင်တော့ ကျွန်တော်က ရယ်စရာလေးနဲ့ သူ့ကိုစချင်လို့ “ခင်ဗျားလည်း ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါလား”လို့ ပြောတော့ မိုဟာမက်က ပင့်သက်တစ်လုံးချလိုက်ပြီး “လူချစ်လူခင် အလွန်များတဲ့ ဆရာ့လိုလူမျိုးတောင်မှ နေလို့မဖြစ်ရင် ကျွန်တော် အိန္ဒိယမှာ နေလို့ရမယ်လို့ ဘယ့်နှယ့်လုပ် မျှော်လင့်နိုင်ပါ့မလဲဆရာ။ ဘယ်သူမှ မကောင်းတော့ပါဘူး။ ကျွန်တော်နောက်ဆုံး အခွင့်အရေးတော့ တောင်းပါရစေ။ ဆရာတို့ပြန်မှာကို ကျွန်တော် လိုက်ပို့နှုတ်ဆက်ပါရစေဆရာရယ်”
ကျွန်တော်က ရင်ထဲဆို့လာလို့ သူ့ကို စကားမပြန်နိုင်ဘူး။ အဲဒီတော့ မိုဟာမက်က 
“ဆရာတို့ လေယာဉ်နဲ့ သွားမှာလား၊ ပင်လယ်လမ်းက သွားမှာလား”တဲ့။ ကျွန်တော်က “လေယာဉ်နဲ့ဆိုရင် ပစ္စည်းများများ သယ်နိုင်မှာမဟုတ်ဘူး။ ဒါ့ကြောင့် သင်္ဘောနဲ့ပဲ သွားမယ်”လို့ ပြောလိုက်တော့ မိုဟာမက်က သင်္ဘောဆိပ်ကိုဆင်းဖို့ သူ့မြင်းရထားကိုပဲ စီးပါ၊ အဲဒီအတွက် တခြားဘာယာဉ်မှ မစီစဉ်ပါနဲ့လို့ အထပ်ထပ်မှာပြီး ပြန်သွားပါတယ်။
ကျွန်တော် ပြောင်းရွှေ့တော့ မိုဟာမက်ပဲ ကီးမာရီဆိပ်ကမ်းကို ပို့ပေးတယ်။ ကျွန်တော့်ပစ္စည်းတွေ စစ်ဆေးမယ့်နေရာကိုလည်း မိုဟာမက်ပဲ သယ်ပေးတယ်။ သင်္ဘောပေါ်တင်တဲ့အထိ သူလိုက်လုပ်ပေးပါတယ်။ အားလုံးပြီးလို့ ပြန်တော့မယ်ဆိုတော့ မိုဟာမက်က ကျွန်တော့်ကိုဖက်ပြီး ဆုပေးပါတယ်။ “ဘုရားသခင်ကောင်းချီးပေးပါစေ၊ ခြေဦးလှည့်ရာအရပ်မှာ ချမ်းသာသုခအ၀၀နဲ့ တွေ့ပါစေ၊ ဘုရားသခင်က အသက်ရှည်ရှည် နေခွင့်ပြုပါစေ”တဲ့။
ကျွန်တော့်လက်ထဲမှာ နံ့သာဖြူသားနဲ့ လုပ်ထားတဲ့ သိပ်လှတဲ့လက်ကိုင်တုတ်တစ်ချောင်း ရှိပါတယ်။ ကျွန်တော်က အဲဒီနံ့သာတုတ်ကို လက်ဆောင်ပေးပါရစေ၊ နံ့သာနံ့ကလေး မွှေးမွှေးရတိုင်း ကျွန်တော့်ကို အမှတ်ရနေမှာမို့ သိမ်းထားပေးပါလို့ပြောပြီး မိုဟာမက်ကို ပေးပါတယ်။ 
မိုဟာမက်က တုတ်ကောက်ကလေးကို ယူတယ်။ ပြီးတော့ မျက်စိမှိတ်ထားပြီး “ကျွန်တော် ဆရာ့ကို ဘယ်တော့မှ မမေ့နိုင်ပါဘူး၊ ကျွန်တော်တစ်ခု မေတ္တာရပ်ပါရစေ”တဲ့။
ဝမ်းမြောက်ဝမ်းသာ သူပြောမှာကို နားထောင်လိုက်တော့ မိုဟာမက်က  “ဆရာ အိန္ဒိယကို ရောက်တဲ့အခါ ဆရာ့အိမ်နဲ့ အိုးကို ပစ်ခဲ့ရပြီး စွန့်ခွာထွက်ပြေးလာခဲ့ရတဲ့အဖြစ်ကို သတိရလို့ စိတ်ဆင်းရဲရရင် အဲဒီအရပ်မှာ မွတ်ဆလင်တွေဟာ အားလုံးလူဆိုးချည်းပဲတော့ မဟုတ်ဘူး၊ အနည်းဆုံး ကောင်းတဲ့မွတ်ဆလင် တစ်ယောက်တော့ရှိလေသေးရဲ့လို့ အောက်မေ့ပြီး စိတ်ကို ဖြေပါဆရာ”တဲ့။
ကျွန်တော်လည်း မိုဟာမက်ကို ထပ်ဖက်လိုက်ပြီး ရှိုက်သံများကြားထဲက “မိုဟာမက်ရယ်၊ ကျွန်တော့်အကိုလိုပါပဲ၊ ခင်ဗျားရဲ့ အံ့သြဖွယ်စိတ်စေတနာက ကျွန်တော့်ကို လူသားအပေါ် အကောင်းမြင်မှု ခိုင်မာစေပါတယ်၊ ခင်ဗျားကို ဘုရားသခင် ချီးမြှင့်ပါစေ”လို့ ပြောလိုက်တော့ မိုဟာမက်လည်း ဆက်မချုပ်တည်းနိုင်ဘူး၊ ကလေးကြီးလို ငိုပါလေရော။ ကျွန်တော်လည်း သူနဲ့အတူ ရောငိုမိရော။ ကျွန်တော်တို့နှစ်ယောက် ကလေးကြီးတွေလို ငိုနေကြတာကို မြင်ရတဲ့မြင်ကွင်းကတော့ ဆန်းဆန်းပဲ။
ကျွန်တော်ပြောင်းမှာကို တခြားမိတ်ဆွေတွေကလည်း လိုက်ပို့ကြ၊ လာနှုတ်ဆက်ကြသေးတာမို့ ကျွန်တော်လည်း အဲဒီလူတွေဆီ သွားပြီး လက်ဆွဲနှုတ်ဆက်ရပါတယ်။ သူတို့အားလုံးက ဆိပ်ခံပေါ်မှာ တန်းစီရပ်နေကြတယ်။ ကျွန်တော်က သူတို့ကြည့်၊ သူတို့က ကျွန်တော့်ကြည့်၊ မျက်ရည်တွေက ၀ဲလို့။ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းမြင်ရသေးတဲ့အထိ ကြည့်နေကြပါတယ်။ 
အဲဒီတုန်းက မြင်ကွင်း ကျွန်တော် နောက်ဆုံးမှတ်မိနေတာကတော့ မိုဟာမက်တစ်ယောက် နံ့သာတုတ်ကောင်ကို မြှောက်ယမ်းပြီး ကျွန်တော့်ကို နှုတ်ဆက်နေပုံပဲ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော်ချစ်တဲ့ ဆင်းပြည်နယ်က ကျွန်တော်ခွာခဲ့တာ ခုဆိုရင် ဆယ့်ငါးနှစ်ရှိပါပြီ။ လွမ်းစရာကလေးတွေကို မကြာမကြာ သတိရပြီး လွမ်းရပါသေးတယ်။ အဲဒီလွမ်းရတဲ့ကိစ္စတွေ အားလုံးထဲမှာ နေ့နေ့ညည ကျွန်တော်မပြတ်သတိရနေမိသူကတော့ မြင်းရထားသမား မိုဟာမက်ပေါ့။ ကျွန်တော်ပေးတဲ့ နံ့သာတုတ်ကို ဝှေ့ရမ်းပြီး ကျွန်တော့်ကို နှုတ်ဆက်နေတဲ့ပုံက မမေ့နိုင်တဲ့ပုံပဲ။ ပြီးတော့ သူပြောတဲ့စကားလေး  “ဆရာ အိန္ဒိယကို ရောက်တဲ့အခါ ဆရာ့အိမ်နဲ့ အိုးကို ပစ်ခဲ့ရပြီး စွန့်ခွာထွက်ပြေးလာခဲ့ရတဲ့အဖြစ်ကို သတိရလို့ စိတ်ဆင်းရဲရရင် အဲဒီအရပ်မှာ မွတ်ဆလင်တွေဟာ အားလုံးလူဆိုးချည်းပဲတော့ မဟုတ်ဘူး၊ အနည်းဆုံး ကောင်းတဲ့မွတ်ဆလင် တစ်ယောက်တော့ရှိလေသေးရဲ့လို့ အောက်မေ့ပြီး စိတ်ကို ဖြေပါဆရာ” လို့ ပြောတာကလေး ကြားယောင်ပြီး အခုအခါ ဒီမြင်းရထားသမား မိုဟာမက်ဟာ ကျွန်တော်နဲ့လူချင်း အလွန်ဝေးနေပြီဖြစ်ပေမယ့် ကျွန်တော့်ရင်ထဲမှာ သူက အနီးဆုံးမှာ ရှိနေတယ်လေ။
ကျွန်တော်တို့ အချစ်ဝတ္ထုတွေထဲမှာ “နီးရက်နဲ့ဝေး”လို့ ပြောလေ့ရေးလေ့ရှိပါသကော။ မိုဟာမက်ကတော့ ကျွန်တော့်အဖို့ “ဝေးရက်နဲ့နီး”တဲ့ လူပေပဲ။

ရမ်ပန်ဂျဝါနီ (ဘာသာပြန်သူ-လူထုဒေါ်အမာ) 

Saturday, March 16, 2013

Ides of March

သြော်..ဘရူးတပ်စ်၊ မင်းလဲ ပါသကိုး။  
လုပ်ကြံသတ်ဖြတ်ခြင်းကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုခြင်းက နိုင်ငံရေးဟူသော စကားလုံးကဲ့သို့ပင် အိုမင်းခဲ့ပြီဖြစ်သည်။ ဓား၊ သေနတ်၊ လည်ပင်းညှစ်သတ်နိုင်လောက်သော ကြိုးတို့ဖြင့် တစ်ကိုယ်တော် လူသတ်သမားကသော်လည်းကောင်း၊ လုပ်ကြံသူဂိုဏ်းတစ်ခုမှသော်လည်းကောင်း ရှေးမင်းဆက် ဆွေတော်မျိုးတော်အချင်းချင်း သတ်ဖြတ်မှု၊ နန်းတော်တွင်း သွေးစွန်းသော လျို့ဝှက်ကြံစည်မှုများ၊ တိုင်းပြည်ခေါင်းဆောင်တစ်ဦးကို လုပ်ကြံမှုတို့သည် တစ်ခုတည်းသော အဓိပ္ပါယ်ကိုသာ ဆောင်လေသည်။

“ကျုပ်တို့ အရမ်းစိတ်ဆိုးနေတယ်။ ထပ်ပြီး သည်းခံမှာမဟုတ်ဘူး။ အခြေအနေတွေကို မှန်သွားစေဖို့ ကျုပ်တို့အစီအစဉ်ထဲမှာ ပထမဆုံးက ဘာလဲ။ မဲပုံးတွေ မဟုတ်ဘူး။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲသာ ဖြစ်တယ်။”

“မတ်လလယ်ရက်များ” သည် ၄၄ဘီစီက ရောမအမတ်များက ဂျူးလီးယပ်စ်ဆီဇာကို လုပ်ကြံမှုနှင့်အတူ ကျော်ကြားလာခဲ့သည်။ အင်္ဂလိပ်စကားပြောသော နိုင်ငံများတွင် ရှိတ်စ်ပီးယား၏ “မတ်လလယ်များ သတိထား” ဟူသော စကားစုသည် ထိုနေ့ကို သမိုင်းတွင် ထာဝရရှင်သန်နေစေခဲ့သည်။ သို့သော်လည်း ထိုစကားစုကို ဆွဲယူအသုံးပြုနေကြသူများသည်ပင်
၁) မည်သူက စပြောခဲ့သည် (Bard ၏ ၁၅၉၉ခုနှစ်ရေး Tragedy of Julius Caesarတွင် ရှေ့ဖြစ်ဟောသူက ပြောခဲ့သည်။)
၂) မည်သည့်အရာကို အမှန်တကယ် ရည်ညွန်းသည် စသည်တို့ကို မသိရှိကြပေ။

မည်သို့ပင် ဆိုစေကာမူ ၂၀၁၃ခုနှစ် မတ်လလယ်တွင် တိုင်းမ်စ်မဂ္ဂဇင်းက ဟိုယခင်အတိတ်က ဂိုင်းယပ်စ်ဂျူးလီးယပ်စ်ဆီဇာ လုပ်ကြံခံရမှုသာမက အခြားသော နိုင်ငံရေးလှုံ့ဆော်မှုကြောင့် လုပ်ကြံခံရပြီး ကမ္ဘာကို ကိုင်လှုပ်ခဲ့သော အဖြစ်အပျက်များ၊ အချို့သော လုပ်ကြံမှုများတွင် သမိုင်းကြောင်းကိုပင် ပြောင်းလဲစေမှုများ ရှိခဲ့ကြောင်း ပြန်ပြောင်းသတိရနေမိသည်။

Ides - ရိုမန်ပြက္ခဒိန်(Julian Calendar)တွင် မတ်၊ မေ၊ ဂျုလိုင်နှင့် အောက်တိုဘာလများ၏ ၁၅ရက်မြောက်နေ့၊ အခြားလများ၏ ၁၃ရက်မြောက်နေ့

Times မှ ဆောင်းပါးတစ်ပုဒ်ကို နားလည်သလို ဘာသာပြန်ပါသည်။ 

Thursday, March 14, 2013

Justice - Michael Sandel (3)

ဒီမေးခွန်းတွေက လူတွေ တစ်ဦးအပေါ်မှာတစ်ဦး ဘယ်လိုပြုမူသင့်သလဲဆိုရုံသက်သက် မဟုတ်ပါဘူး။ ဥပဒေက ဘယ်လိုဖြစ်သင့်တယ်၊ လူ့အဖွဲ့အစည်းက ဘယ်လိုစုစည်းသင့်တယ်ဆိုတာတွေပါ ပါပါတယ်။ ဒါတွေဟာ တရားမျှတမှုနဲ့ ပက်သတ်တဲ့ မေးခွန်းတွေပါ။ ဒါတွေကို ဖြေဖို့ ကျွန်တော်တို့ တရားမျှတမှုရဲ့ အဓိပ္ပါယ်ကို ရှာဖွေရပါမယ်။ တကယ်တော့ ကျွန်တော်တို့ စတင်ရှာဖွေနေခဲ့ပြီးဖြစ်ပါတယ်။
ကုန်ဈေးနှုန်းတက်ခြင်းကို အငြင်းအခုန်ဖြစ်ရတာတွေကို ခင်ဗျား အသေအချာကြည့်ရင် ကုန်ဈေးနှုန်းဥပဒေကို ထောက်ခံတဲ့ (ဒါမှမဟုတ်) ကန့်ကွက်တဲ့ သဘောထားတွေဟာ အယူအဆ(၃)ခုပေါ်မှာ မူတည်တယ်ဆိုတာကို သတိပြုမိပါလိမ့်မယ်။
  • ကောင်းကျိုးကို ဖြစ်ထွန်းစေခြင်း
  • လွတ်လပ်မှုကို လေးစားခြင်း
  • အကျင့်သိက္ခာကို အရောင်တင်ခြင်း
ဒီအယူအဆတစ်ခုဆီက တရားမျှတမှုနဲ့ သက်ဆိုင်တဲ့  တွေးပုံတွေးနည်းမျိုးစုံကို ထောက်ပြခဲ့ပါတယ်။
လွတ်လပ်ဈေးကွက်အတွက် စံပြ ပြသနာမှာ တောင်းဆိုမှုနှစ်ခု ရှိပါတယ်။ တစ်ခုက ကောင်းကျိုးနဲ့
နောက်တစ်ခုက လွတ်လပ်မှုပါ။ အရင်ဆုံး လူတွေကို လိုအပ်နေတဲ့တခြားလူတွေဆီ ကုန်ပစ္စည်းတွေ
ထောက်ပံ့ရာမှာ ပိုကြိုးစားလာအောင် မက်လုံးတွေပေးခြင်းနဲ့ ဈေးကွက်က လူ့အဖွဲ့အစည်းရဲ့
ကောင်းကျိုးကို မြှင့်တင်ပေးပါတယ်။ (အများသိအသုံးအနှုန်းအရ စီးပွားရေး အောင်မြင်ဖြစ်ထွန်းမှုကို
ကောင်းကျိုးအဖြစ် ကျွန်တော်တို့ သဘောထားကြတယ်။ ဒါပေမယ့်လည်း ကောင်းကျိုးဆိုတာမှာ
လူ့အဖွဲ့အစည်းရဲ့ စီးပွားရေးနဲ့ မသက်ဆိုင်တဲ့ ရှုထောင့်က ကြည့်ရင်တော့ ပိုကျယ်ပြန့်နေတယ်။)
ဒုတိယအနေနဲ့ ဈေးကွက်ဟာ တစ်ဦးချင်းလွတ်လပ်မှုကို လေးစားတယ်။ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေ
အပေါ်မှာ တန်ဖိုးတစ်ခု သတ်မှတ်ပြီး စည်းကြပ်မှုပြုမယ့်အစား ဈေးကွက်က လူတွေကို သူတို့ဝယ်မယ့်
ပစ္စည်းတွေရဲ့ တန်ဖိုးကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ပေးထားတယ်။

အံ့သြစရာမကောင်းတာက၊ ကုန်ဈေးနှုန်းဥပဒေကို ဆန့်ကျင်သူတွေက ဒီအယူအဆနှစ်ခုနဲ့ လွတ်လပ်တဲ့ဈေးကွက်အတွက် မေတ္တာရပ်ခံကြတယ်။ ကုန်ဈေးနှုန်းဥပဒေကို ကာကွယ်သူတွေက ဘယ်လို တုံ့ပြန်သလဲ။
အရင်ဆုံးသူတို့က လူ့အဖွဲ့အစည်းတစ်ခုလုံး ကောင်းကျိုးကို ဒုက္ခရောက်နေတဲ့အချိန်တွေမှာ ဖြစ်နေတဲ့ အဆမတန်ဈေးနှုန်းတွေနဲ့ အကျိုးမပြုနိုင်ဘူးလို့ ငြင်းဆိုလိုက်တယ်။ ဈေးနှုန်းတက်လို့ ကုန်ပစ္စည်းတွေရဲ့
ရောင်းလိုအားတွေ တက်လာရင်တောင်၊ ဒီအကျိုးအမြတ်ကို ဈေးနှုန်းကြီးလို့ မပေးနိုင်တဲ့လူတွေအတွက်
ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာနဲ့ ပြန်ချင့်ချိန်ရဦးမှာ။
ပေါများကြွယ်ဝတယ် ပြောရအောင်လည်း ဖောင်းပွနေတဲ့ ဈေးနှုန်းနဲ့ ဆီတစ်ဂါလံ ဒါမှမဟုတ် မိုတယ်ခန်းမှာ တစ်ညတည်းခိုရတာဟာ စိတ်ဆင်းရဲစရာ ကောင်းလှတယ်။ ဟိရိသြတ္တပ္ပတရားအကြောင်း ပြောရရင်တော့
ဒီလိုဈေးနှုန်းတွေဟာ အကျပ်အတည်းစစ်စစ်ကို ဖြစ်စေပြီး၊ လူတွေကို လွတ်ရာပြေးစေမယ့်အစား အန္တရာယ်ရှိတဲ့နေရာမှာပဲ ဆက်နေအောင် လုပ်သလိုဖြစ်သွားလိမ့်မယ်။ ကုန်ဈေးနှုန်းဥပဒေကို
ထောက်ခံပြောဆိုသူတွေက အရာခပ်သိမ်း ကောင်းကျိုးရှိဖို့ဆိုရင် အရေးပေါ်အခြေအနေမှာ အခြေခံ လိုအပ်ချက်တွေကိုတောင် ၀ယ်ဖို့လက်လှမ်းမမီဖြစ်ခဲ့ရတဲ့ သူတွေရဲ့ နာကျင်ခံစားရမှုတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ ပြောဆိုခဲ့တယ်။


ဒုတိယအချက်အနေနဲ့ ဈေးနှုန်းဥပဒေကို ကာကွယ်သူတွေက လွတ်လပ်ဈေးကွက်သည် အချို့သော အခြေအနေများတွင် အမှန်တကယ် လွတ်လပ်ခြင်းမရှိလို့ ထုတ်ပြန်တယ်။ Crist ထောက်ပြတာက
“အတင်းအကျပ် ဖိအားပေးခံနေရတဲ့ ၀ယ်သူတွေမှာ လွတ်လပ်ခွင့်မရှိဘူး။ သူတို့အတွက် လုံခြုံတဲ့ယာယီတဲလို လိုအပ်ချက်တွေ ၀ယ်တာတောင်မှ ဖိအားပေးမှုတွေ ရှိနေတယ်။”
ခင်ဗျားနဲ့ ခင်ဗျားမိသားစုဟာ ဟာရီကိန်းတစ်ခုကနေ လွတ်အောင်ပြေးနေရတယ်ဆိုရင် ဂတ်စ်အတွက် (သို့) တည်းခိုဖို့အတွက် မတန်တဆဈေးနှုန်းတွေ ပေးလိုက်ရတာဟာ ကိုယ့်ဖက်က စိတ်လိုလက်ရ လဲလှယ်မှုမမြောက်ဘူး။ ဒါ အတင်းအကျပ် တောင်းယူတာနဲ့ ပိုတူနေတာပေါ့။
ဒါ့ကြောင့် ကုန်ဈေးနှုန်းဥပဒေဟာ တရားမျှတမှု ရှိမရှိကို ဆုံးဖြတ်ဖို့ ကျွန်တော်တို့အနေနဲ့ ကောင်းကျိုးနဲ့ လွတ်လပ်ခြင်းရဲ့ အားပြိုင်မှုတွေကို ရှာဖွေရပါလိမ့်မယ်။

ဒါပေမယ့် နောက်ထပ် အငြင်းပွားမှုတစ်ခုကို ကျွန်တော်တို့ ထည့်စဉ်းစားရပါဦးမယ်။ ကုန်ဈေးနှုန်းဥပဒေကို အများပြည်သူက ထောက်ခံတာမှာ ကောင်းကျိုးတွေ လွတ်လပ်မှုတွေထက် ပိုပြီးတိမ်တဲ့ တစုံတရာဆီက ထွက်လာတာပါ။ လူတွေက အခြားလူတွေ ဒုက္ခရောက်နေတာကို အမြတ်ထုတ် ဂုတ်သွေးစုတ်ခဲ့တဲ့
လောဘသမားတွေကို မြင်မကောင်းတဲ့ အမြတ်တွေရသွားတာထက် အပြစ်ပေးခံလိုက်ရတာမျိုးကို ပိုဖြစ်စေချင်ကြတယ်။ ဒီလိုစိတ်ခံစားချက်တွေက ပြည်သူတစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေ (သို့) ဥပဒေတွေနဲ့ ကတောက်ကဆ မဖြစ်သင့်တဲ့ ရှေးကျတဲ့စိတ်လှုပ်ရှားမှုတွေသာ ဖြစ်တယ်။  
Jacoby ရေးခဲ့သလို “ကောက်ကျစ်တဲ့ဈေးသည်တွေဟာ ဖလော်ရီဒါပြည်နယ် အလျင်အမြန်
ပြန်လည်ထူထောင်လာဖို့ မတတ်နိုင်ပါဘူး။”
သို့သော်လည်း ကုန်ဈေးနှုန်းတိုးမြှင့်သူတွေရဲ့ တားမရဆီးမရ မတရားပြုမှုတွေက အကြောင်းမဲ့ဒေါသကို
ထွက်စေတာထက်တော့ ပိုပါတယ်။ လေးလေးနက်နက် စဉ်းစားရမယ့် စာရိတ္တပိုင်းဆိုင်ရာ အငြင်းပွားမှုတွေ
ဖြစ်လာစေတယ်။ လူတွေ သူတို့နဲ့ မထိုက်တန်တဲ့အရာတွေကို ရနေပြီလို့ ခင်ဗျားယုံကြည်တဲ့အခါ စိတ်ရိုင်းဝင်တယ်ဆိုတာ အထူးပြုထားတဲ့ဒေါသတစ်မျိုးပါပဲ။ ဒီလိုစိတ်ရိုင်းမျိုးကတော့ မတရားမှုအတွက် ဖြစ်ရတဲ့ဒေါသပေါ့။

To be continued ...

Tuesday, March 12, 2013

Justice - Michael Sandel (2)

သြဂုတ်လရဲ့ အပူဒဏ်အောက်မှာ ဖလော်ရီဒါသားတွေ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ကြုံနေရချိန် ရေခဲ တစ်အိတ်ကို ဆယ်ဒေါ်လာရှာနိုင်မယ်ဆိုရင် ရေခဲထုတ်လုပ်သူတွေက သူတို့ရဲ့ ကုန်ပစ္စည်းကို ပိုပြီးထုတ်လုပ် တင်သွင်းလာမှာပါ။ “ဒီဈေးနှုန်းတွေနဲ့ ပက်သက်ရင် မမျှတဘူးဆိုတာမရှိဘူး၊ ရောင်းသူနဲ့ ၀ယ်သူကြား လဲလှယ်မယ့် ကုန်ပစ္စည်းရဲ့ တန်ဖိုးကို ရှင်းရှင်းကြီးကိုယ်စားပြုနေတာ”လို့ Sowellက ရှင်းပြခဲ့တယ်။

Boston Globe သတင်းစာမှာ ရေးနေတဲ့ ဈေးကွက်ကျွမ်းကျင်သူ Jeff Jacoby ကလည်း ကုန်ဈေးနှုန်းဥပဒေကို ဒီသဘောအတိုင်း တုံ့ပြန်ခဲ့ပါတယ်။ “ဈေးကွက်က ဖြစ်လာတဲ့ အနေအထားအတိုင်း
တောင်းခံတာဟာ ဈေးတက်တာမဟုတ်ဘူး။ ဒါဟာ လောဘကြီးတာ ဒါမှမဟုတ် မျက်နှာပြောင်တိုက်တာ မဟုတ်ဘူး။ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းမှာ ကုန်စည်နဲ့ ၀န်ဆောင်မှုတွေကို ဒီပုံစံနဲ့ ဖြန့်ဖြူးရောင်းချနေတာပဲ။”
Jeff Jacoby
“တက်နေတဲ့ ဈေးနှုန်းတွေက ကြောက်စရာမုန်တိုင်းဒဏ်ကြောင့် ဘ၀တွေ ပရမ်းပတာဖြစ်ကုန်တဲ့ လူတွေအတွက်တော့ ဒေါသထွက်စရာကောင်းတယ်” လို့တော့ သူက အသိအမှတ်ပြုခဲ့တယ်။
“ဒါပေမယ့် လူတွေရဲ့ ဒေါသဟာ လွတ်လပ်တဲ့ဈေးကွက်ကို နှောင့်ယှက်ဖို့ မှန်ကန်တဲ့အချက် မဟုတ်ဘူး။ လိုအပ်နေတဲ့ ကုန်ပစ္စည်းတွေကို ပိုမိုထုတ်လုပ်ဖို့ လုပ်ငန်းရှင်တွေကို မက်လုံးပေးလိုက်ခြင်းနဲ့ မတန်တဆ ဖြစ်နေတယ်လို့ ယူဆရတဲ့ ကုန်ဈေးနှုန်းတွေက ဆိုးကျိုးထက် ကောင်းကျိုးကို ပိုဖြစ်စေမှာပါ။
ကောက်ကျစ်တဲ့ဈေးသည်တွေဟာ ဖလော်ရီဒါပြည်နယ် ပြန်လည်နားလန်ထဖို့ကို မြန်ဆန်စေမှာ မဟုတ်ဘူး။ သူတို့စီးပွားရေးကို သူတို့ဆန္ဒအတိုင်း လုပ်ကြပါစေ”လို့ Jacobyက ကောက်ချက်ဆွဲခဲ့ပါတယ်။

နောက်ပိုင်းမှာ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခံရသူ ရီပတ်ဘလစ်ကန်ပါတီဝင်
ရှေ့နေချုပ် Crist က Tampa tribune သတင်းစာထဲက သူ့အာဘော်ကဏ္ဍမှာ ကုန်ဈေးနှုန်းဥပဒေကို ကာကွယ်ရေးသားခဲ့ပါတယ်။
“လူတွေ အသက်ဘေးကလွတ်အောင် ပြေးနေရတဲ့ ဟာရီကိန်းမုန်တိုင်းအပြီးမှာ မိသားစုအတွက် အခြေခံလိုအပ်ချက်တွေကို ရှာဖွေနေတဲ့ အရေးပေါ်အချိန်တွေမှာ အစိုးရအနေနဲ့
ဘေးထွက်ရပ်မနေနိုင်ဘူး။ ဒီလို ယုတ္တိမတန်တဲ့ ဈေးနှုန်းတွေဟာ မှန်ကန်တဲ့ လွတ်လပ်စွာကုန်သွယ်မှုကို ကိုယ်စားမပြုဘူး” ငြင်းဆိုလိုက်ပါတယ်။

ရောင်းသူတွေက ဈေးကွက်ထဲကို ၀င်လာပြီး ၀ယ်ချင်တဲ့သူတွေနဲ့ တွေ့ပြီးတဲ့နောက်၊ ဈေးနှုန်းတစ်ခုကို ၀ယ်လိုအားနဲ့ ရောင်းလိုအားအပေါ်ကိုသာ အခြေခံထားတဲ့ အခြေအနေဟာ လွတ်လပ်တဲ့ သာမန်ဈေးကွက်တစ်ခု မဖြစ်ပါဘူး။ အရေးပေါ်အခြေအနေတစ်ခုမှာ မမျှတတဲ့ ခြိမ်းခြောက်မှုတွေအောက်က ၀ယ်သူတွေမှာ လွတ်လပ်မှု မရှိပါဘူး။ လုံခြုံတဲ့ ယာယီနေရာထိုင်ခင်းလို လိုအပ်ချက်တွေကို သူတို့ဝယ်ယူမှုတွေမှာ တွန်းအားတွေ ရှိနေတယ်။

ဟာရီကိန်းချာလီအပြီးမှာ ဖြစ်ပေါ်လာတဲ့ ဈေးနှုန်းမြင့်တက်မှုနဲ့ ပက်သတ်တဲ့ ငြင်းခုန်ဆွေးနွေးမှုတွေဟာ အကျင့်သိက္ခာနဲ့ ဥပဒေတို့နဲ့ ပက်သတ်ပြီး ခက်ခဲတဲ့မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ရောင်းသူတွေအနေနဲ့ သဘာဝဘေးတစ်ခုကို ဈေးကွက်က တောင်းဆိုလာလို့ဆိုတာနဲ့ အခွင့်အရေးယူတာဟာ မှားသလား။ တကယ်လို့ မှားတယ်ဆိုရင် ဥပဒေက ဒါနဲ့ပတ်သတ်ပြီး ဘာလုပ်ပေးသင့်သလဲ။ ရောင်းသူနဲ့ ၀ယ်သူကြား သူတို့ရွေးချယ်တဲ့ ဘယ်လိုကုန်သွယ်မှု လွတ်လပ်ခွင့် မှန်သမျှကို အဟန့်အတားဖြစ်စေမယ်ဆိုရင်တောင်မှ အစိုးရက ကုန်ဈေးနှုန်းတိုးတက်မှုကို တားဆီးသင့်သလား။

To be continued...

Justice - Michael Sandel

အခန်း (၁) မှန်တာကိုလုပ်တဲ့ကိစ္စ

၂၀၀၄ခုနှစ် နွေရာသီတုန်းက တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း“ချာလီ”ဟာ မက္ကဆီကိုပင်လယ်ကွေ့ကို ၀ရုန်းသုန်းကားဖြစ်စေခဲ့ပြီး ဖလော်ရီဒါပြည်နယ်ကို မွှေနှောက်ပြီးမှ အတ္တလန်တိတ်သမုဒ္ဒရာထဲကို ငုပ်ဝင်ပျောက်ကွယ်သွားခဲ့တယ်။ မုန်တိုင်းကြောင့် လူပေါင်း၂၂ဦး အသက်ဆုံးရှုံးခဲ့ပြီး ပျက်စီးမှုစုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁သန်းကျော်ထိ ရှိခဲ့တယ်။ ဒီမုန်တိုင်းအပြီး ကုန်ဈေးနှုန်း မြင့်တက်မှုတွေကြောင့် အမေရိကန်လူ့အဖွဲ့အစည်းမှာ အငြင်းအခုန်တွေ ဖြစ်ခဲ့ကြပါတယ်။
Hurricane Charley





အော်လန်ဒိုမြို့က ဂတ်စ်ဆိုင်တစ်ခုမှာ အရင်က နှစ်ဒေါ်လာတန်ရေခဲအိတ်တစ်အိတ်ကို မုန်တိုင်းအပြီးမှာ ဒေါ်လာနှစ်ဆယ်နဲ့ ရောင်းပါတယ်။ သြဂုတ်လလယ်မှာ ရေခဲသေတ္တာတွေနဲ့ လေအေးပေးစက်တွေအတွက် လိုအပ်တဲ့ လျှပ်စစ်ကို မရရှိတာကြောင့် လူတွေမှာ တောင်းတဲ့ဈေးကို ပေးဝယ်ရုံကလွဲပြီး ရွေးစရာသိပ်မရှိဘူးပေါ့။
လဲကျနေတဲ့ သစ်ပင်တွေကြောင့်လည်း လွှစက်တွေနဲ့ အိမ်ခေါင်မိုးပြုပြင်ရေးလုပ်ငန်းတွေရဲ့ လိုအပ်မှုကလည်း မြင့်တက်နေခဲ့တယ်။ အိမ်တစ်အိမ်ရဲ့ အိမ်ခေါင်မိုးပေါ်က သစ်ပင်နှစ်ပင်ကို ရှင်းပေးဖို့ ကန်ထရိုက်တစ်ယောက်ဟာ အိမ်ပိုင်ရှင်ဆီက ဒေါ်လာ ၂,၃၀၀၀ တောင်းခဲ့တယ်။
ပုံမှန်အားဖြင့် ဒေါ်လာ ၂၅၀နဲ့ ရောင်းနေကြ အိမ်သုံးမီးစက်လေးတွေရဲ့ ဈေးနှုန်းဟာ ခုဆိုရင် ၂၀၀၀ထိ ဖြစ်ကုန်တယ်။
ခင်ပွန်းသည်အဖိုးကြီးနဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူ သမီးကိုဆွဲပြီး မုန်တိုင်းကနေ လွတ်အောင်ပြေးလာခဲ့တဲ့ ၇၇နှစ်အရွယ် အဖွားကြီးတစ်ယောက်ဆိုရင် မိုတယ်တစ်ခုမှာ ပုံမှန်အားဖြင့် တစ်ညကို ၄၀သာကျသင့်ပေမယ့် အခုတော့ ၁၆၀ပေးပြီး တည်းခဲ့ရတာပေါ့။
Aftermath of Hurricane



မြင့်တက်လာတဲ့ ဈေးနှုန်းတွေကို ဖလော်ရီဒါပြည်နယ်သားတွေဟာ ဒေါသထွက်လာကြတယ်။
USA Today သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာ “မုန်တိုင်းပြီးတော့ ဠင်းတတွေ (လောဘသမားတွေ) လာတယ်” လို့ ဖော်ပြခဲ့တယ်။ အိမ်ပိုင်ရှင်တစ်ဦးက သူ့အိမ်ခေါင်မိုးပေါ်က သစ်ပင်တစ်ပင် ဖယ်တာကို ၁၀,၅၀၀ ကျသင့်တာကြောင့် “ဒီလို လူတွေရဲ့ အခက်အခဲနဲ့ စိတ်ဒုက္ခရောက်နေကြတာတွေကို အမြတ်ထုတ်ဖို့ ကြိုးစားတာဟာ မှားယွင်းတဲ့လုပ်ရပ်ပဲ”လို့ ထုတ်ပြောခဲ့တယ်။ ပြည်နယ်ရှေ့နေချုပ် Charlie Crist ကလည်း “ဟာရီကိန်း ဒဏ်ခံလိုက်ရတဲ့သူတွေအပေါ် အခွင့်ကောင်းယူချင်စိတ်ရှိတဲ့ လူတွေရဲ့ စိတ်ထဲက လောဘရမ္မက်ကို ကျွန်တော်သိပ်အံ့အားသင့်မိတယ်” လို့ သဘောတူညီစွာ ပြောခဲ့ပါတယ်။
Charlie Crist



ဖလော်ရီဒါပြည်နယ်မှာ ကုန်ဈေးနှုန်းကို ကန့်သတ်ထိန်းချုပ်တဲ့ ဥပဒေတစ်ရပ် ရှိပါတယ်။ ဟာရီကိန်းရဲ့ နောက်မှာ ရှေ့နေချုပ်ရုံးကို တိုင်စာပေါင်းနှစ်သောင်းကျော် ရောက်ခဲ့တဲ့အထဲက တစ်ချို့ကို ရုံးတင်စစ်ဆေးရာမှာ အနိုင်ရခဲ့ပါတယ်။
West Palm Beach က အင်းတစ်ခုဆိုရင် ငွေပိုကောက်ခံမိတဲ့အတွက် ဧည့်သည်တွေကို ငွေပြန်အမ်းရတဲ့အပြင် ဒဏ်ငွေ ဒေါ်လာ ၇၀,၀၀၀ ကျော် ပေးဆောင်ခဲ့ရတယ်။

Crist က ကုန်ဈေးနှုန်းဥပဒေကို တိုက်တိုက်တွန်းတွန်း လုပ်နေပေမယ့်၊ တစ်ချို့သော စီးပွားရေးပညာရှင်တွေက ဥပဒေနဲ့ ပြည်သူလူထုကြားမှာ ဖြစ်ပျက်နေတဲ့ ရုန်းရင်းဆန်ခတ် ဖြစ်မှုတွေမှာ တွေးခေါ်ပုံက လွဲနေတယ်လို့ ငြင်းခုန်ကန့်ကွက်ခဲ့ကြတယ်။
ကုန်ပစ္စည်းလဲလှယ်ရာမှာ ထုံးတမ်းဓလေ့တွေနဲ့ အရာဝတ္ထုတွေရဲ့ မူလတန်ဖိုးတွေကို ထည့်သွင်းစဉ်းစားပြီး “မျှတတဲ့ဈေးနှုန်း” (just price) သတ်မှတ်သင့်တယ်လို့ ယူဆခဲ့ကြတာက အေဒီ ၁၁၀၀လောက်က ဘာသာရေးသမားတွေနဲ့ အတွေးအခေါ်သမားတွေပါ။
ဒါပေမယ့် စီးပွားရေးလောကမှာ (စီးပွားရေးပညာရှင်တွေ လေ့လာစောင့်ကြည့်သလောက်) ကုန်ဈေးနှုန်းကို ၀ယ်လိုအားနဲ့ ရောင်းလိုအားကသာ သတ်မှတ်ပေးတာပါ။ သူတို့လောကမှာ “မျှတတဲ့ဈေးနှုန်း”ဆိုတာ မရှိဘူးလေ။

လွတ်လပ်သောဈေးကွက်စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ Thomas Sowell က “စီးပွားရေးသမား အများစုဟာ စိတ်ခံစားမှုအားကောင်းသော်လည်း စိတ်ဒုက္ခ၀င်ခံနေလည်း စိတ်ညစ်ရတာပဲ ရှိမှာလို့ ယူဆတဲ့အတွက် ကုန်ဈေးနှုန်းမြင့်တက်မှုကို ဂရုပြုမနေဘဲ စီးပွားရေးအရ အဓိပ္ပါယ်မရှိတဲ့ အမူအရာတွေ လုပ်ပြမနေဘူး” လို့ ပြောခဲ့တယ်။ Tampa tribune သတင်းစာမှာ Sowell က ကုန်ဈေးနှုန်းတက်ခြင်းက ဖလော်ရီဒါသားတွေကို ဘယ်လိုကူညီခဲ့တယ်ဆိုတာကို ရှင်းပြဖို့ ကြိုးစားခဲ့တယ်။
“လူတွေ ပေးနေကျ ဈေးနှုန်းထက် သိသိသာသာ တက်သွားတဲ့အခါ မြင့်လာတဲ့ဈေးအလျောက် အခွန်လည်း တိုးလာတယ်”
“ဒါပေမယ့် ခင်ဗျားတို့ပေးနေကျ ဈေးနှုန်းတွေကလည်း စာရိတ္တအားဖြင့် သင့်လျော်မှန်ကန်တဲ့ အနေအထား (morally sacrosanct) မရှိဘူး။ ဟာရီကိန်းကြောင့် ရုတ်တရက် မြင့်တက်လာတဲ့ ဈေးနှုန်းတွေအပါအ၀င်
ဈေးကွက်အနေအထားက ဖန်တီးတဲ့အထဲမှာ အခြားသော ကုန်ဈေးနှုန်းတွေထက် ပိုပြီးထူးခြားနေတာမျိုး မရှိဘူး.” လို့ သူက ရေးသားခဲ့တယ်။
ရေခဲ၊ ရေသန့်ပုလင်း၊ အိမ်ခေါင်မိုးပြင်ခြင်း၊ မီးစက်နဲ့ မိုတယ်အခန်းခတွေ ဈေးတက်လာခြင်းကလည်း စားသုံးသူတွေရဲ့ အသုံးပြုမှုကို ကန့်သတ်ခြင်းနဲ့ ဝေးလံတဲ့အရပ်ဒေသက ရောင်းချသူတွေကို ဟာရီကိန်းရဲ့ ဆိုးရွားတဲ့ နောက်ဆက်တွဲဒဏ်ခံနေရတဲ့ အရပ်ဒေသမှာ လိုအပ်နေတဲ့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေ
ပေးနိုင်ဖို့ မက်လုံးတွေ တိုးမြှင့်လာစေခြင်းစတဲ့ ကောင်းကွက်တွေ ရှိနေတယ်လို့ Sowellက ထောက်ပြခဲ့တယ်။
Thomas Sowell
To be continued...