Search This Blog

Showing posts with label အတွေးစများ. Show all posts
Showing posts with label အတွေးစများ. Show all posts

Wednesday, March 20, 2013

မိသားစုသမိုင်းဖြစ်ခဲ့သော


ကျွန်တော်တို့ သားအမိသားအဖတစ်တွေ တောပြန်တိုင်း ကြားရလေ့ရှိတဲ့ အကြောင်းအရာ၂ခု ရှိပါတယ်။ 
ပထမတစ်ခုက အဖေ့အကြောင်းပါ။ အဖေ့ကို ၄၉ခုထဲ မွေးပြီး မီးတွင်းမှာတင် အလံနီတွေ ၀င်တာနဲ့ ရွာပျက်ပါတယ်။ ဒါနဲ့ အဖွားက ခုနှစ်ရက်သား အဖေ့ကို စောင်နဲ့ပတ်ပြီး ပြေးရတာပေါ့။ အဘိုးက ရွာသူကြီးဆိုတော့ သူတို့နဲ့ အတူတူ လိုက်မပြေးနိုင်ဘူး။ ပြေးရင်း တစ်ရွာနဲ့တစ်ရွာ ခြားထားတဲ့ ချောင်းကိုရောက်ရော။ အဲ့နေရာကို ပန်းမောက်ခုံတံတား ခေါ်သတဲ့။ တံတားလို့သာ ဆိုတယ်၊ ကွမ်းပင်ကို အလုံးလိုက်ဖြတ်ပြီး ဟိုဖက်ဒီဖက်ဒေါက်နဲ့၊ အသာမှေးကိုင်စရာ လက်တန်းနဲ့ သွားသာရုံ လုပ်ထားတာမျိုးပါ။ တစ်ယောက်ပြီးမှ နောက်တစ်ယောက်က ကူးလို့ရတာပါ။ ချောင်းက ရေစစ်ချိန် ဆိုတော့ အောက်ကနွံတွေနဲ့ အမြင့်ကြီးလိုဖြစ်နေတာပေါ့။ အဖွားကလည်း မီးတွင်းဆိုတော့ စိတ်ထဲ မရဲဘူးထင်ပါရဲ့။ တံတားပေါ် လျှောက်နေရင်းတန်းလန်းကမှ ကတုန်ကရီကြီး ဖြစ်လာပြီး ဆက်မလျှောက်ရဲတော့ဘူး။ ဒါနဲ့ သူ့မောင်အကြီး (ကျွန်တော့်ဘိုးကြီး)က ရွှံ့ထဲဆင်းချသွားပြီး 
“မမ ငါ့ဆီကလေးကို ပစ်ချလိုက်၊ နို့မို့ ကလေးရော နင်ပါ ပြုတ်ကျလိမ့်မယ်” ဆိုတယ်။ အဖွားလည်း ကလေးကို (ကျွန်တော့်အဖေ)ကို ငါးစပ်စောင်နဲ့ ပတ်ပြီး ပစ်ချလိုက်တာ ဘိုးကြီးက အောက်က ဆီးဖမ်းထားလို့သာပေါ့။ အဖွားလည်း အဲ့ကျတော့မှပဲ ရဲရဲလျှောက်ရဲတော့တယ်။ ဒီအကြောင်းကို ဘိုးကြီးမဆုံးခင်အထိ ရွာပြန်တိုင်း အဖေ့ကိုမြင်တာနဲ့ သူပြောပြတော့တာပါပဲ။ သူ့ဘ၀မှာ ဒီကိစ္စဟာ သိပ်ကို အမှတ်ရစရာကောင်းတယ်ဆိုတာ ပြန်ပြောနေတဲ့သူ့မျက်နှာကို ကြည့်ရင်သိပါတယ်။ ဒီအဖြစ်အပျက်တွေက မနေ့တစ်နေ့ကမှ ဖြစ်သွားခဲ့သလိုကို သူ့စိတ်ထဲမှာ စွဲထင်နေခဲ့တာပါ။ ခုတော့ ရွာမှာ ဘိုးလေးရှိနေသေးတော့ ဒီတစ်ခါ ရွာပြန်ရင် “မင်းအဖေ မီးတွင်းကြီး ရွာပျက်တော့...” ဆိုတဲ့ ဇာတ်လမ်းကို ဘိုးလေးက တာဝန်ယူပါလိမ့်မယ်။
နောက်အကြောင်းအရာတစ်ခုကတော့ ကျွန်တော်ကိုယ်တိုင်ပါပဲ။ 
၈၈မှာ အရေးအခင်းဖြစ်တော့ အစပိုင်း ရန်ကုန်မှာ နေကြသေးတယ်။ လေယာဉ်ပျံတွေ လာရင် သားအမိနှစ်ယောက် ထွက်ထွက်ကြည့်တဲ့ဒဏ်ကို အဖေမခံနိုင်တော့တာရယ်၊ အိမ်မှာ အရေးအကြောင်းဆို အဖေ့မှာလည်း လမ်းထဲက မိန်းမကြီးတစ်ယောက်က ဆောင်ဖို့ပေးထားတဲ့ နတ်ဆက်တဲ့ဓားတစ်လက်ပဲ ရှိတာရယ်ကြောင့် တောပြန်ဖို့ ဖြစ်လာပါတယ်။ ကျွန်တော်လေးနှစ်သားပေါ့။ တောမှာက ရန်ကုန်လိုတော့ သိပ်စိတ်ပူနေရတာမျိုး မရှိပါဘူး။
အဖေက ကျွန်တော်တို့သားအမိကို သူ့အိမ်မှာထားခဲ့ပြီး သူကတော့ ဆန်ကုန်သည်လုပ်ပါတယ်။ ဆရာအတတ်သင်ဆင်းကတည်းက ကျောင်းဆရာလုပ်လာတဲ့ အဖေလည်း မိသားစု စားဝတ်နေရေးအတွက် ခေတ်ပျက်ထဲ တောနဲ့ရန်ကုန်ကို မော်တော်နဲ့ကူးပြီး ဆန်ကုန်သည် လုပ်ရတာပါ။ အမေက တောမှာ အုန်းကပ်စေးနှဲရောင်းတယ်။ ညနေဖက်ဆို ကျွန်တော်တို့သားအမိ လမ်းတကာပတ်ပြီး ထင်းတိုထင်းစ ကောက်ရတာပေါ့။ အုန်းကပ်စေးနှဲလုပ်ရတာက မီးကုန်တယ်လေ။ ဒီလိုနဲ့ နေလာတာ တစ်နှစ်ကျော်လာတော့ တောကလူတွေက ကျွန်တော့်ကို
“ရန်ကုန်သား ဘယ်တော့ပြန်မလဲ”လို့ မေးကြပါတယ်။
ကျွန်တော်ကလည်း ဘာရမလဲ၊ ရန်ကုန်သားပဲဟာ “ဒီမိုကရေစီရမှ ပြန်မယ်”လို့ ဖြေတာပေါ့။ ကျွန်တော့်ခေါင်းထဲ အဲ့ဒီစကားလုံး ဘယ်ကရောက်နေလဲ ကျွန်တော် တကယ်ကို မသိတာပါ။ တောကလူတွေကတော့ ကျွန်တော် ပြန်ဖြေတာကို လွှတ်သဘောကျသပေါ့။
တဟားဟားနဲ့ ပြောပြောပြီး ရယ်ကြတာ အခု အသက်သုံးဆယ်တန်း ခဏတစ်ဖြုတ်ပြန်လည်း ငယ်ငယ်တုန်းက ကျွန်တော် ပြောလိုက်မိတာကို ပြန်ပြောပြီး ဟားကြတုန်း။
ဟိုတလောက ခဏပြန်တော့ ကြီးဒေါ်တစ်ယောက်က “ငါ့တူ အေးအေးဆေးဆေး ပြန်လို့ရပြီ၊ ဒို့ဒီမိုကရေစီ ရနေပြီ”လို့ ပြောရှာပါတယ်။ 
တကယ်သာ ဒီမိုကရေစီ ရမှ ပြန်ကြေးဆို စိုးထိုက်တို့ ခုထိကို တောမှာပဲ နေ နေရဦးမှာ ကြီးဒေါ်မသိရှာဘူး။  

ကျွန်တော်တို့ အိမ်ဦးခန်းမှာ သူတို့ရှိမနေတော့ဘူး



ဒေါက်တာခင်မောင်ညိုရဲ့ “ကျွန်တော်တို့ဆရာတွေ ဘယ်ရောက်ကုန်ပြီလဲ”စာအုပ်ကို ဖတ်ပြီးတော့ စိတ်ထဲမယ် အတော်လေးမကောင်းဖြစ်မိပါတယ်။ ကျောင်းဆရာဘ၀မှာ မိသားစုကို တာဝန်ယူနိုင်စွမ်း မရှိတာကြောင့်၊ အိမ်ထောင့်တာဝန်တွေကို မဦးဆောင်နိုင်တော့တာကြောင့်လို့ 
ထောက်ပြသွားပါတယ်။ ကလေးတွေမှာ အထူးသဖြင့် ယောက်ျားလေးတွေမှာ သူတို့ စံပြုစရာ၊ အတုယူစရာ ကျောင်းဆရာတွေ လိုအပ်တယ်လို့ ဆရာက သူ့ဆောင်းပါးထဲမှာ ရေးထားပါတယ်။ 

ကျွန်တော်တို့ ကျောင်းသားဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့ဆရာမျိုးတွေနဲ့ ခုနောက်ပိုင်းကလေးတွေ တွေ့ခွင့်မရတော့တာ ဘယ်လိုဆိုးကျိုးတွေနဲ့ ကြုံရနိုင်သလဲဆိုတာ စာရေးကောင်းတဲ့ဆရာ တစ်ယောက်ယောက်က ရေးပြနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။

သေချာတဲ့ဘ၀အာမခံချက်မရှိခြင်းဟာ ကျောင်းဆရာတွေရဲ့ ရပ်တည်မှုကို စိန်ခေါ်ခဲ့သလို၊
ခေတ်ပညာတတ်အမျိုးသားတွေရဲ့ အလုပ်အကိုင်ရွေးချယ်မှုမှာ ကျောင်းဆရာအလုပ်ကို ထည့်မစဉ်းစားတော့တဲ့အနေအထားကို ရောက်ရှိစေခဲ့ပါပြီ။

စာသင်ကျောင်းတွေမှာ ယောက်ျားသားကျောင်းဆရာမရှိတော့တဲ့အတွက် ကလေးတွေရဲ့ စည်းကမ်းပိုင်းထိန်းသိမ်းဖို့ ပိုခက်ခဲသွားသလို ကလေးတွေ (အထူးသဖြင့် ယောက်ျားလေးတွေမှာ) သူတို့အတွက် စံနမူနာယူစရာ၊ လေးစားအားကျစရာ သိပ်နည်းသွားပါတယ်။

ဆရာမတွေရဲ့ အခန်းကဏ္ဍကို ထည့်မစဉ်းစာတာမျိုးမဟုတ်ကြောင်းပါခင်ဗျာ။ ကလေးတွေကို ကျောင်းပညာရပ်တွေ သင်ပေးနေရုံနဲ့ မလုံလောက်ဘူးဆိုတာ သိသာလွန်းပါတယ်။ သူတို့ဘ၀တွေကို သူတို့ကျောင်းနဲ့ သူတို့တပည့်တွေအပေါ်မှာ မြုပ်နှံထားနိုင်တဲ့၊ သူတို့နေထိုင်တဲ့ အရပ်ဒေသအပေါ်မှာပါ သြဇာညောင်းတဲ့ ကျောင်းဆရာတွေ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ တကယ်လိုအပ်ပါတယ်။ ဒီလို ထုံးတမ်းဓလေ့မျိုးဟာ ကျွန်တော်တို့ဆီမှာ တစ်ချိန်က အခိုင်အမာ ရှိခဲ့ပါလျက်နဲ့ စားဝတ်နေရေး အခက်အခဲဆိုတာကြောင့် ပျက်ပြယ်သွားရတာ မဖြစ်သင့်ဘူးလို့ ယူဆမိလို့ပါ။

ငယ်ဘ၀မှ ဆရာအပေါင်းနဲ့ ဒီဆောင်းပါးရဲ့ မူလပိုင်ရှင် ဆရာဒေါက်တာခင်မောင်ညိုကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ရေးပါတယ်။
ဓာတ်ပုံကို google images ရဲ့ Search box မှာ "teacher in Myanmar" လို့ ရိုက်ပြီးရှာတဲ့အခါ ကျွန်တော့်မျက်စိတစ်ဆုံး ဒီပုံတစ်ပုံမှာပဲ ဆရာတစ်ယောက်ပါတာ တွေ့ပါတယ်။
သူဟာ နောက်နားမှာ မတ်တပ်ကလေးရပ်လို့ပါလား။

စိုးထိုက်

Monday, March 11, 2013

လူတွေကို အာရုံလွှဲထားတယ်

စိတ်အနာဆုံးက စစ်ဘေးဒုက္ခသည်တွေရဲ့ ဘဝတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ စစ်ကိုဆန့်ကျင်သူတွေကို တစ်ဖက်ရဲ့ လူတွေအဖြစ် တံဆိပ်ကပ်ကြတာကိုပဲ။

ခင်ဗျားတို့ဟာ မြန်မာလူမျိုးကြီးဝါဒသမားဆိုရင်လည်း ရောင်စုံသူပုန်ခေတ်က တစ်တိုင်းပြည်လုံး ကျီးလန့်စာစားဖြစ်နေတဲ့အချိန်က ကျုပ်တို့ အဘိုးတွေ အဖွားတွေလည်း စစ်ဘေးဒဏ်ကြောင့် ပြေးကြရဖူးတာကို မေ့မပစ်လိုက်ကြပါနဲ့။

ကွက်ကွက်ကလေးပဲ မကြည့်ကြပါနဲ့။

ဒီစစ်ဟာ ခင်ဗျားတို့နဲ့ မဆိုင်ဘူး.. ခင်ဗျားတို့ အသက်အိုးအိမ်ကို ထိခိုက်စရာမရှိဘူးလို့ မတွေးကြပါနဲ့။

ခင်ဗျားတို့ရဲ့ စိတ်အာရုံတွေကို ပျော်စရာတွေနဲ့ ယစ်မူးနေအောင် အတင်းလုပ်ယူနေကြတာကို မြင်အောင်ကြည့်ကြပါ။

မိသားစုတစ်စုမှာ တစ်ယောက်က နာမကျန်းဖြစ်တဲ့အခါ ကျန်တဲ့သူတွေပါ စိတ်မချမ်းသာရသလိုပေါ့.. သူတို့တွေ အမှိုက်ပုံဘေးက မြောင်းထဲ လျှိုမြောင်တွေထဲ ပြေးဝင်ပုန်းနေရတဲ့အချိန်မှာ ခင်ဗျားတို့ ကျုပ်တို့က မသိချင်ယောင်ဆောင်နေကြရင်... စစ်ပွဲထဲက အမုန်းတွေ မျက်ရည်တွေ သောကဝေဒနာတွေကို မျက်ကွယ်ပြုထားရင် တရားပါ့မလား စဉ်းစားကြပါဦး။

ခင်ဗျားတို့က ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်ထမင်းကိုယ် အေးအေးဆေးဆေး ရှာစားလို့ရရင် တော်ပြီဆိုတာလောက်နဲ့ ကချင်တပ်ဟာ မရိုးသားတဲ့ စိတ်အကြံအစည်တွေရှိတယ်လို့ သူများပြောတာ ကြားဖူးရုံလောက်နဲ့ မလောက်မငှခွဲတမ်းကို စားပြီး တစ်နေ့တစ်နေ့ ထိတ်လန့်နေရတဲ့ ဘဝတွေကို ဥပက္ခာပြုရက်သလား။

မသိကျိုးကျွံပြုခြင်းဟာ စစ်ကို တစ်နည်းအားဖြင့် ထောက်ခံရာရောက်နေတယ်ဆိုတာကို ခင်ဗျားတို့ သိစေချင်တယ်။

မျက်လှည့်တွေထဲ မျောပါမသွားအောင် သတိလေးတော့ ထားကြပါလေ။

စစ်ကြောင့်ဖြစ်တဲ့ အမုန်းဒဏ်က ကင်းဝေးကြပါစေ။


လူစိုး 
ကချင်စစ်ပွဲကို ရှောင်နေကြသော ကလေးငယ်များ

လူသတ်ပွဲများ

"အင်း အဲဒါပါပဲ စန္ဒသူရိယ၊ ကျွန်ုပ်စဉ်းစားနေတာ။ ကျွန်ုပ်တို့ တိုတောင်းလှတဲ့ လူ့သက်တမ်းအတွင်းမှာ ဒီလို အကျည်းတန်လှတဲ့ စစ်ပွဲတွေနဲ့ လူတစ်ဦးနဲ့တစ်ဦး သတ်ဖြတ်ပြီး ဘာ့ကြောင့် အချိန်ကုန်ခံနေရတာလဲလို့ တွေးမိတာပါ။"

တရံရောအခါ ဂင်္ဂါ
စာရေးဆရာ Cho Tu Zal

သမိုင်းကို သင်ခန်းစာ ယူတတ်ဖို့ လိုပါပြီ။
အာသံ၊ မဏိပူရ၊ အယုဒ္ဓယနဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်ကို သိမ်းပိုက်နိုင်ခဲ့ဖူးတယ်။ နောက်ဆုံးတစ်နေ့ကျတော့ အားလုံးကို ပြန်ပြီးဆုံးရှုံးခဲ့ရတာပဲ မဟုတ်လား။
ဖက်ဆစ်ဂျပန်က လူတွေကို ညှင်းပန်းနှိပ်စက်ခဲ့တာ မှန်ပေမယ့် အင်္ဂလိပ်လက်အောက် (၁၈၈၅-၁၉၄၈) ၆၃နှစ်နေခဲ့ရတာရဲ့ အကျိုးရလဒ်က တိုင်းရင်းသားတွေနဲ့ ပြည်မကြားမှာ မမြင်ရတဲ့စည်းတစ်ခုက အလိုလို ခြားထားပြီးသား ဖြစ်သွားပါတယ်။
သူတို့တွေအတွက် အာမခံချက်ဘာမှမပေးနိုင်ဘဲ ပြည်ထောင်စုနာမည်သုံးပြီး အတူတူအငတ်ခံခိုင်းထားသလို ဖြစ်မနေဘူးလား။
သူတို့ရဲ့ မူလပိုင်ဆိုင်တဲ့ သယံဇာတတွေကို ထုတ်ယူသုံးစွဲဖို့သက်သက် လုပ်လိုက်သလို ဖြစ်မသွားဘူးလား။
ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်မှာ သူတို့တွေ သွေးထိုးနေသလို ပတ်စ်ပို့မလိုသလို ဘယ်ပြည်နယ်ကမှလည်း ဓနသဟာယထဲ ပြောင်းမသွားနိုင်ပါဘူး။
အယုဒ္ဓယကို အတင်းမရမက ဝင်သိမ်းပြီး သူတို့ဘုရင်ကို သယ်လာခဲ့တဲ့အကြောင်းဆို မစားရ ဝမခန်းပြောတတ်ကြပေမယ့် ကိုယ့်ဘုရင် ပါတော်မူတော့ အသည်းဆတ်ဆတ်ခါ နာကြပြန်တယ်။
စစ်မကြေငြာပါဘဲ ဝင်တိုက်တာ.. စစ်ပွဲဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို အခုအချိန်အထိ အများပြည်သူ သိနားလည်အောင် ရှင်းမပြသေးတာတွေဟာ တစ်ခါက အောင်နိုင်သူတွေရဲ့ စိတ်ထားအတိုင်းပဲဆိုတာကို ပြန်မြင်နေရတာပါပဲ။
သူတို့ စံပြထားတဲ့ ထိုဘုရင်များဟာ ကိုယ့်တိုင်းပြည်ရွာ ဖွံ့ဖြိုးတိုးတက်အောင်ထက် အခြားတိုင်းပြည်တွေ စော်ဘွားပိုင်နယ်မြေတွေကို သိမ်းပိုက်ဖို့ အားသန်ခဲ့ကြသူတွေ ဖြစ်နေပါတယ်။
လူ့ဘဝကို အဓိပ္ပါယ်ရှိရှိနေသွားဖို့ တရားများများမလိုပါဘူး။ ကိုယ်မပေးနိုင်တာကို တခြားလူဆီက မတောင်းသင့်ဘူး လောက်နဲ့ပဲ အရင်စ ကြည့်ပါဦး။
ကချင်တွေဟာ ညောင်နှစ်ပင်ညီလာခံကို တက်ခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံခဲ့သူတွေပါ။ ကေအိုင်အေဟာ ကချင်ပြည်နယ်နဲ့ ကချင်ပြည်သူတွေကို အပြည့်အဝကိုယ်စားပြုသလား မေးခွန်းထုတ်မယ်ဆိုရင် အခု ကချင်ကို ဝင်တိုက်နေတဲ့ စစ်တပ်ကရော မြန်မာတစ်ပြည်လုံးနဲ့ နိုင်ငံသားအားလုံးကို ဘယ်လောက် ကိုယ်စားပြုသလဲဆိုတာကိုပါ ဖြေပေးပါ။
ကျွန်တော်တို့ လက်ထက်မှာ ဖြစ်ခဲ့တဲ့ စစ်ပွဲက တရားမျှတမှုမရှိ လူကြီးလူကောင်းမဆန်တဲ့ ကျူးကျော်စစ်ပွဲ တစ်ခုဖြစ်ခဲ့ပြီ ဆိုကြပါစို့။ ကျွန်တော်တို့ရဲ့ စစ်တပ်ကြီးက ကချင်ပြည်နယ်ကို စိစိညက်ညက်ကျေအောင် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြပြီ ဆိုကြပါစို့။

ဝဋ်ဆိုတာ လည်တတ်ပါလားလို့
သမိုင်းက အကြိမ်ကြိမ် ပြခဲ့ပါလျက် မိုက်မဲစွာ မှားယွင်းမှုကို တစ်ချိန်မှာ ကျွန်တော်တို့ရဲ့ သားသမီး မြေးမြစ်တွေက ပြန်ပေးဆပ်ရပါလိမ့်မယ်။
မျက်မှောက်ခတ်သမိုင်းဟာ အနာဂတ်မှာ တစ်ပတ်ပြန်လည်ပါလိမ့်မယ်။

ကျွန်တော်တို့ လူ့လောကထဲကို ရောက်လာတာ လူသတ်ဖို့၊ လူသတ်မှုတွေကို ထောက်ခံဖို့လည်း မဟုတ်သလို အသတ်ခံရဖို့လည်းမဟုတ်ဘူးဆိုတာကို လက်ခံရင် လူတွေကို အကြောင်းမဲ့သေစေတဲ့ စစ်ပွဲတွေကို ဆန့်ကျင်ကြရမှာပါပဲ။


လူစိုး

အရိပ်နှင့် လောင်းရိပ်

ဘုံဘေမြို့ရဲ့ ပေကျံရှုပ်ပွနေသော လမ်းသွယ်တစ်ခုမှာ လူတစ်ယောက် လူမှန်းသူမှန်းမသိအောင် မူးပြီးလဲကျနေခဲ့ပါတယ်။ သူ အသက်မှ ရှိသေးရဲ့လားလို့ စိတ်ပူကြတဲ့သူတွေက သူ့ကိုမင်းဘယ်သူလဲ၊ ဘယ်သူ့သားလဲ၊ ဘယ်မှာနေလဲ စသဖြင့် မေးကြပါတယ်။

“ကျွန်တော့်နာမည် ဟာရီလာဂန္ဓီပါ၊ မဟတ္တမရဲ့ သားပါ”
ကြားရတဲ့သူတိုင်းက သူ့စကားကို အယုံအကြည်မရှိကြတဲ့အပြင် မဟတ္တမကြီးရဲ့သားက အခုလို ညနက်ကြီး လမ်းဘေးမှာ မူးရူးပြီးထိုးအိပ်နေမလားလို့ လှောင်ပြောင်ကြပါတယ်။
Harilal Gandhi ဟာ အမှန်တကယ်ကို Mohandas K. Gandhi နဲ့ Kasturba Gandhi တို့ရဲ့ အကြီးဆုံးသားကြီးသြရသပါပဲ။ သူ့ကို ၁၈၈၈ခုနှစ်မှာ တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နတ်စဘတ်မြို့မှာ မွေးဖွားခဲ့ပါတယ်။

သူရဲ့ရည်မှန်းချက်က သူလေးစားအားကျရတဲ့ သူ့အဖေလို အင်္ဂလန်မှာ ပညာသွားသင်မယ်၊ ပြီးရင် သူ့အဖေလို ၀တ်လုံတော်ရရှေ့နေတစ်ယောက်အဖြစ် ရပ်တည်ချင်တာပါ။
ဒါပေမယ့် အိန္ဒိယမှာ မဟတ္တမအဖြစ် တစ်တိုင်းပြည်လုံး လေးစားချစ်ခင်ရတဲ့ အမျိုးသားရေးခေါင်းဆောင် ဖြစ်နေပြီဖြစ်တဲ့သူ့အဖေက သားဖြစ်သူ ဘိလပ်မှာ ပညာသွားသင်လို့လည်း ဟာရီလာတတ်လာမယ့် အနောက်တိုင်းပညာရေးဟာ သူဦးဆောင်တိုက်ပွဲဝင်နေတဲ့ တိုင်းပြည်ရဲ့ ကျွန်ဘ၀က လွတ်မြောက်ရေးမှာ ဘာအကျိုးမှ မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက် ပညာတော်သင်သွားဖို့ကို ခွင့်မပြုပေးခဲ့ပါဘူး။

သူ့အဖေရဲ့ ဒီလိုဆုံးဖြတ်ချက်ဟာ ဟာရီလာဘ၀မှာ အကြီးမားဆုံးနဲ့ ခွင့်မလွှတ်နိုင်ဆုံး ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပြီး သူတို့သားအဖနှစ်ယောက်ရဲ့ကြားက ဆက်ဆံရေးဟာ အဲဒီကစလို့ စိတ်ဆင်းရဲစရာတွေအပြည့်နဲ့ ရှုပ်ထွေးကုန်ပါတော့တယ်။

သူဟာ တောင်အာဖရိက ကနေ အိန္ဒိယကို ထွက်သွားခဲ့ပြီး Gulab နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ကျောင်းပြန်တက်ပြီး ရှေ့နေဘွဲ့ယူဖို့ လုပ်ခဲ့ပေမယ့် သုံးခါဆက်တိုက်ကျခဲ့တာမို့ ကျောင်းထွက်လိုက်ရပါတယ်။ သူ့နာမည်ကို သူကိုယ်တိုင် တည်ဆောက်ဖို့ ကြိုးစားသမျှဟာလည်း အရာမထင်ခဲ့ပါဘူး။ သူလုပ်နေသမျှဟာ သူ့အဖေရဲ့ ဂုဏ်ကို ညှိုးနွမ်းစေပါတယ်။ ဘာလုပ်လုပ်မအောင်မြင်တဲ့သူ့ကို မိန်းမကလည်း ထားခဲ့ပြီး သူ့မိဘအိမ်ပြန်သွားပါတယ်။

အထီးကျန်ဆန်မှုနဲ့ အရှုံးကို မေ့ပစ်ဖို့ ဟာရီလာ အရက်ကို အလွန်အကျွံတွေ သောက်ပါတော့တယ်။ မငြိမ်းချမ်းတဲ့စိတ်နဲ့ ဘာကိုမှ တန်ဖိုးမထားတော့တဲ့နောက် သူဟာ သူ့မိဘနဲ့ ဆက်နွယ်နေမှုတွေ အားလုံးကို စွန့်လွှတ်လိုက်သလို Hindu ကနေ Islam ကိုပြောင်းခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ Hindu အဖြစ် ပြန်လည်ခံယူခဲ့ပေမယ့် နိုင်ငံရေးအခြေအနေတွေအရ မိသားစုကို ဂရုမစိုက်နိုင်တဲ့ မဟတ္တမနဲ့ ဟာရီလာနဲ့ကြားက သားအဖဆက်ဆံရေးဟာ ဘယ်တော့မှ ပြန်ပြီး ပြေလည်မသွားခဲ့ပါဘူး။

သူ့အဖေရဲ့ နိုင်ငံတော်ဈာပနကို အစွန့်ပစ်ခံသားဘ၀နဲ့ သူလာခဲ့ပေမယ့် လူနည်းစုလောက်ကသာ သူဘယ်သူဆိုတာကို သိလိုက်ကြပါတယ်။ အရက်ကြောင့်ဖြစ်ရတဲ့ အသည်းရောဂါနဲ့ပဲ ဘုံဘေမြို့က ဆေးရုံတစ်ရုံမှာ သူ လူမသိသူမသိ ဆုံးပါးသွားခဲ့ပါတယ်။

ဒါဟာ ဖခင်တစ်ယောက်ရဲ့ ကြီးမားလှတဲ့လောင်းရိပ်အောက်က သူ့ကိုယ်ပိုင် အမည်နာမကို တည်ဆောက်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့တဲ့ သားတစ်ယောက်ရဲ့ ဇာတ်လမ်းပါ။



လူစိုး
Ref: Gandhiji's Lost Jewel: Harilal Gandhi. by Nilam Parikh

ရိုးသားစွာဖြင့်

လူမှုဆက်ဆံရေးမှာ ညံ့ဖျင်းလွန်းလို့ ကိုယ့်နားနီးတစ်ဝိုက်က လူတွေနဲ့ အဆင်ပြေပြေနေဖို့ တကယ် လိုအပ်တာ ဘာလဲလို့ စဉ်းစားနေခဲ့တာ ကြာပါပြီ။

နားလည်မှုဆိုတာလည်း အပြောလွယ်သလောက် လက်တွေ့မှာ တကယ်ခက်တာပါ။ မိတ်ဆွေတွေက သာမန် မေးထူးခေါ်ပြောအဆင့်ကနေ နောက်ထပ် သွေးသောက်ညီအကိုတွေလို မပြောဘဲလည်း တစ်ယောက်စိတ်ကို တစ်ယောက်သိဖို့ နားလည်မှုကို ဖြတ်သန်းသွားရပါတယ်။ နားလည်မှုကို တည်ဆောက်ထားနိုင်ရင် ပြသနာ တော်တော်များများကို ဖြေရှင်းစရာမလိုအောင် အဆင်ပြေသွားပေမယ့် တစ်ယောက်စိတ်ကို တစ်ယောက်က မပြောဘဲ သိရအောင် နှစ်တွေအကြာကြီး လုပ်ယူရတာမျိုးဆိုတာ အိမ်က အဖေနဲ့အမေက အကောင်းဆုံးသက်သေပါပဲ။
ခုချိန်ထိကို “ငါနဲ့မင်းက ဘယ်ခြေထောက်နဲ့ ညာခြေထောက်လို တစ်ယောက်က လှမ်းလိုက်တာနဲ့ နောက်တစ်ယောက်က အလိုလိုပါလာရမှာ”လို့ တိုင်ပင်ကိုက်နေကြရတုန်းပါ။

ဒါဖြင့် မေတ္တာရှိရင် လုံလောက်ပါသလား။ ချစ်ခြင်းဖြင့်သာ အရာရာကို အောင်နိုင်တယ်ဆိုတာ တကယ်ပဲလား။ အချစ်ကိုမယုံကြည်သူတစ်ယောက်အနေနဲ့ သာယာမှုကို အခြေခံတဲ့ အပေးအယူသာသာပဲလို့ ထင်စရာဖြစ်နိုင်ပေမယ့် ကျွန်တော့်လို born in the 80's ကတော့ အိမ်ထောင်တစ်ခုမှာ commitment အနည်းငယ်လိုအပ်မယ်လို့ ထင်ပါတယ်။
နှစ်နှစ်ဆယ်အတွင်းမျာ သင်သိသိမသိသိ ဖြစ်ခဲ့တဲ့ ယဉ်ကျေးမှုရှော့ခ်အတွင်းမှာပဲ အရင်က ကျွန်တော်တို့ တန်ဖိုးထားခဲ့တာတွေ၊ တမွန်တမြတ် ထိန်းသိမ်းခဲ့တာတွေဟာ ပျောက်ဆုံးခဲ့ကြပါပြီ။ လူတစ်ယောက်က လူတစ်ယောက်ကို ချစ်ပါတယ်၊ မေတ္တာရှိပါတယ်လို့ ပြောလာတဲ့အခါ အပြောခံရသူဟာ သူပြန်ပြီးတုံ့ပြန်နိုင်မလားဆိုတာထက် (တစ်ချို့ညီညီမငယ်တွေဆိုရင်) ဒါဟာစဉ်းစားရမယ့်အလုပ်လို့ကို မတွေးတော့တာပါ။ လတ်တလောမှာ လူငယ်တွေကြားထဲ ဒီနေ့တွဲ၊ ဒီနေ့ကြိုက်၊ ဒီနေ့ပျက် သူတို့အခေါ် “နေ့ချင်းပြန်ဇာတ်လမ်း”တွေ များလာနေပါပြီ။ သားသမီးနဲ့မိဘပဲဖြစ်ဖြစ်၊ ချစ်သူစုံတွဲတွေ အကြင်လင်မယားတွေပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းပဲဖြစ်ဖြစ်၊ တစ်အူတုံဆင်း မောင်နှမအရင်းတွေပဲဖြစ်ဖြစ် သံယောဇဉ်နည်းနည်းနဲ့ ၀တ္တရားများများပေါင်းစပ်ထားတဲ့ ဆက်ဆံရေးတွေ ဖြစ်ကုန်ကြပြီလားလို့ ကျွန်တော်သံသယစိတ် ဖြစ်မိပါတယ်။

ဒါဆို လေးစားမှုကို အခြေခံမလား။ သူတို့အနောက်တိုင်းမှာတော့ mutual respect ဆိုတာလေး ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားစိတ်နဲ့ ဆက်ဆံတာမျိုးပါ။ ကျွန်တော်တို့ အရှေ့တိုင်းယဉ်ကျေးမှုမှာက လူနှစ်ယောက်သိပ်ရင်းနှီးသွားရင် အရင်ဆုံး ဆုံးရှုံးရတာ အဲ့လူနှစ်ယောက်ကြားက လေးစားမှုပါ။ ပြောမနာဆိုမနာတွေ သိပ်များသွားရင် တစ်ယောက်ကိုတစ်ယောက်ထားတဲ့တန်ဖိုးတွေ ပျက်ယွင်းကုန်ပါတယ်။ နောက်ပြီးတော့ ပိုပြီးဆိုးရွားတဲ့အချက်က လေးစားမှုဟာ ရင်းနှီးမှုအခြေကျလာတာနဲ့အမျှ တစ်ယောက်အားနည်းချက်ကို တစ်ယောက်ကမြင်လာပြီး မလေးစားစရာတွေ ဖြစ်လာတဲ့အခါ အဲ့ဒီလူနှစ်ယောက်ရဲ့ဆက်ဆံရေးဟာ လျော့သွားတတ်၊ ပျက်စီးသွားတတ်တာမျိုးပါ။

ကျွန်တော့်အတွက် လူတွေနဲ့ ဆက်ဆံတဲ့အခါ အဆင်အပြေဆုံးက “ရိုးသားမှု”ကို အခြေခံတဲ့ပုံစံပါ။ ကျွန်တော့်မိခင်နဲ့ဖခင်ဆီက ရလိုက်တဲ့အကောင်းဆုံးအမွေက ဒီရိုးသားမှုပါပဲ။ သိရင်သိတဲ့အတိုင်း၊ မသိရင်မသိတဲ့အတိုင်း၊ ရှိရင်ရှိတဲ့အတိုင်း၊ မရှိရင်မရှိတဲ့အတိုင်း တွေးဖို့၊ နေဖို့၊ ပြောဖို့ကို အဖေနဲ့အမေနှစ်ယောက်လုံးက သူတို့ဘ၀တစ်လျှောက်လုံးနဲ့ သက်သေပြခဲ့တာပါ။ လူတိုင်းကို ရိုးရိုးသားသားဆက်ဆံရတာ မလွယ်ပါဘူး။ လူတိုင်းဟာ ကိုယ့်အပေါ်မှာ မရိုးသားနိုင်လို့ပါ။ တစ်ခါတစ်ရံမှာ နာကျည်းချင်စရာကောင်းလောက်အောင် ကိုယ့်ရဲ့ ရိုးသားမှုနဲ့ အားနာစိတ်အပေါ်မှာ မရိုးသားတဲ့နည်းတွေနဲ့ လာအနိုင်ကျင့်လို့ ခံလိုက်ရတာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုအနေအထားမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ဖက်က ရိုးသားနေတဲ့အတွက် ဆက်ဆံရေးမှာ လိပ်ပြာသန့်ပါတယ်။ ဘယ်လိုလူမျိုးရဲ့ မျက်လုံးကိုမဆို တည့်တည့်ကြည့်ရဲသလို၊ ဘယ်လိုလူမျိုးရဲ့ နားထဲကိုမဆို တိုက်ရိုက်ဝင်အောင် ပြောရဲပါတယ်။ လူတစ်ယောက်အပေါ်မှာ ရိုးသားမှုအပြည့်နဲ့ ပေါင်းသင်းဆက်ဆံဖူးတယ်ဆိုရင် ကိုယ့်အကြောင်းကို အဲ့ဒီလူတစ်ယောက်တော့ အနည်းဆုံးသိသွားပါပြီ။ ကြုံသမျှ တွေ့သမျှလူတိုင်းကို ဒီအတိုင်းပဲ သဘောထားမယ်ဆိုရင် ကိုယ်နဲ့တွေ့ခဲ့ဖူးတဲ့သူတိုင်းက ကိုယ့်ကို ရိုးသားမှုရှိသူလို့ သတ်မှတ်ကြမှာပါ။ အနည်းဆုံးတော့ ကိုယ်ပြောတဲ့စကား၊ ကိုယ်လုပ်တဲ့အလုပ်၊ ကိုယ်တွေးတဲ့အတွေးဟာ ရိုးသားမှု ရှိ မရှိဆိုတာ ကိုယ့်ဘာသာကိုယ် သိပါတယ်။ ဟန်ဆောင်လုပ်ယူထားတဲ့ ဆက်ဆံရေးမျိုးဟာ အနှစ်သာရ မပါသလို ကြာကြာလည်းမခံပါဘူး။

လူမှုရေးညံ့တဲ့ကျွန်တော့်အဖို့ လူအမျိုးကို ပုံစံအမျိုးမျိုးနဲ့ ဆက်ဆံပေါင်းသင်းဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော် ကြုံတွေ့ရသမျှလူတိုင်းကို အရိုးသားဆုံးဆက်ဆံဖို့ ဆုံးဖြတ်ထားပါတယ်။ သူတို့နဲ့ ကျွန်တော့်ရဲ့ကြားမှာ ရိုးသားမှုကို အခြေခံမှာဖြစ်တဲ့အတွက် ကျွန်တော့်စိတ်ကို နားလည်ရလွယ်နေမှာပါ။ ကျွန်တော် ဟန်လုပ်နေသလား၊ လိမ်ညာနေသလား သူတို့သိနေမှာပါ။ အစကတည်းက ကျွန်တော့်အားသာချက်၊ အားနည်းချက်တွေကို ထင်ရှားရှား မြင်ရမှာကြောင့် လေးစားမှုတစ်ခုဟာ အချိန်ကြောင့်၊ ရင်းနှီးမှုအတိုင်းအတာကြောင့် လျော့စရာ၊ ပျက်စရာမရှိပါဘူး။ ဘာပဲဖြစ်နေပါစေ၊ ဘယ်လိုလူနဲ့ တွေ့ပါစေ ကျွန်တော်ရိုးသားပါ့မယ်လို့ ကျွန်တော် ကတိပေးပါတယ်။

မနီသားကို ခေါ်ပေး

မနီဆိုတာ ကျွန်တော့်အမေရဲ့ ငယ်နာမည်ပါ။ အမေ့ကို သုံးဆယ်မြို့မှာ မွေးပါတယ်။ ၁၉နှစ်သမီးမှာ ကျောင်းဆရာမလုပ်ဖို့ အိမ်ကထွက်လာကတည်းက အမေ သုံးဆယ်ကို ပြန်ဖြစ်ခဲ့တာ သုံးလေးခါထက်မပိုပါဘူး။ ဒီတော့ အမေကမွေးတဲ့ ကျွန်တော်လည်း သုံးဆယ်ကို လုံးဝမရောက်ဘူးခဲ့တော့ ပန်းဆွဲနဲ့ ကြက်ချောင်းက အမေ့ဦးလေးတွေ အဒေါ်တွေဟာ ကျွန်တော့်ကို မမြင်ဘူးသူတွေ အများကြီးပါပဲ။
အပေါ်မှာ ပြောခဲ့တဲ့စကားကို ပြောခဲ့တာ ကျွန်တော့်အဖိုးလေး၊ အမေ့ဦးလေးက သူဆုံးခါနီး အိပ်ရာထဲလဲချိန်အထိ ဆေးထိုးမခံတော့ ဘေးလူတွေက ပြောကြတဲ့အခါ သူပြန်ပြောတဲ့စကားပါ။ မနီ သား ကျွန်တော် ဆေးကျောင်းမှာ ကျလို့ကောင်းနေတုန်းအချိန်မှာ ကျွန်တော့်အဖိုးလေးက ကျွန်တော့်ကို ဆရာဝန်ဖြစ်ပြီလို့ပဲ မှတ်ယူနေတာပါ။ ဒါ့ကြောင့် သူ့တစ်သက် အထိုးမခံခဲ့တဲ့ဆေးကို ကျွန်တော်လာထိုးပေးမယ်ဆိုရင်တော့ ရတယ်လို့ ပြောခဲ့တာပါ။
သာယာဝတီမြို့ပေါ်က ဆရာဝန်ခပ်ငယ်ငယ်တစ်ယောက်ကို ကျွန်တော်ပါဆိုပြီး ဆေးခေါ်ထိုးခဲ့ရပါတယ်။ ဒီသတင်းကို ကျွန်တော့်ဆီသယ်လာတာက ကျွန်တော့်အဒေါ်ပါ။ သူ့သဘောထား ဘာမှမပါဘဲ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်ကလေးကိုပဲ ပြောပြသွားခဲ့ပါတယ်။
ကျွန်တော့်ကို တစ်ခါမှ မမြင်ဘူးပေမယ့် ကျွန်တော့်ကို ယုံကြည်ခဲ့သူအဘိုးက သူ့စကားတစ်ခွန်းနဲ့ ကျွန်တော့်ဘ၀ကို ပြောင်းလဲစေခဲ့တာပါ။

ကျွန်တော် သုံးဆယ်ကို ရောက်ဖူးခဲ့တဲ့ ဒုတိယအခေါက်က ကွယ်လွန်သူကျွန်တော့်အဖွားရဲ့ ဈာပနအခမ်းအနားပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မြောက်ဥက္ကလာဆေးရုံမှာ အလုပ်သင်ဆရာဝန် ဖြစ်နေပါပြီ။ အဖွားဟာ သာယာဝတီဆေးရုံမှာ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ကြားက ကျွန်တော်ရှိတဲ့ဆေးရုံကို အတင်းပို့ခိုင်းခဲ့သေးတာပါ။
“စိုးကြီးဆီ သွားမယ်”လို့ ပြောသွားခဲ့သေးတာပါ။ သူ့မြေး စိုးကြီးက မြောက်ဥက္ကလာဆေးရုံမှာ အလုပ်သင်ဘ၀ပဲရှိသေးတာကို အဖွားမသိပါဘူး။ အဖွားသိတာ သူ့ရောဂါက ကျွန်တော်နဲ့တွေ့ရင် သက်သာသွားမယ်ဆိုတာပါပဲ။ ကျွန်တော် အပိုပြောတာမဟုတ်ပါဘူး။ သူ့ဘေးမှာ အမြဲရှိနေခဲ့တဲ့ ကျွန်တော့်ဝမ်းကွဲအမက ပြန်ပြောပြတာပါ။
အဲဒီအမပေါ့။ ကျွန်တော့်လည်း မြင်ရော “အရီးရေ စိုးကြီးလာပြီလေ”ဆို အော် အော်ငိုတာ။

ကျွန်တော်ပြောချင်တာ ဒါပါပဲ။ ကျွန်တော် ကုမပေးလိုက်ရတဲ့ အဖိုးတွေ၊ အဖွားတွေအတွက် ကျွန်တော် ဆရာဝန်လုပ်နေဦးမှာပါ။ ကျွန်တော့်မှာ ဆရာဝန်တစ်ယောက်ရဲ့ “အရည်အချင်း” ရှိ မရှိဆိုတာကို ကျွန်တော့်အမျိုးတွေနဲ့ ကျွန်တော့်လူနာတွေက သတ်မှတ်ပေးကြပါလိမ့်မယ်။ ကျွန်တော့်ကိုကျွန်တော် အာမခံနိုင်တာ တစ်ခုတော့ရှိပါတယ်။ ကျွန်တော် ဆရာဝန်ဖြစ်ချင်လို့ ဆရာဝန်ဖြစ်လာပြီး ဆေးကုချင်လို့ ဆေးကုနေတာပါ။ ကျွန်တော့်မှာ ဆရာဝန်တစ်ယောက်မှာ ရှိရမယ့် “စိတ်ထား” အပြည့်ရှိပါတယ်။


လူစိုး

မိသားစု

အပြန်သင်္ဘောပေါ်မှာ ဦးလေးဖြစ်သူက ကျွန်တော့်ကို သူနဲ့ကျွန်တော့်အဖေတို့ရဲ့ ငယ်သူငယ်ချင်း ဦးလေးကြီးတစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။
ဒါ ကိုKyi Win သားလေ တဲ့။
အဲ့ ဦးလေးကြီးက ကျွန်တော့်ကို မေးတယ်။

"သား အဖေနဲ့အမေ ဘယ်သူ့ကို ပိုချစ်လဲ" တဲ့။
ဘုရားရေ!
လွန်ခဲ့တဲ့ နှစ်၂၀ကျော်က နောက်ဆုံးအမေးခံရတဲ့ မေးခွန်းကို အသက်၃၀ကျွန်တော့်မှာ ဘာပြန်ဖြေလို့ ဖြေရမှန်းမသိ။

ပြီးတော့ ဆက်ပြောလိုက်သေး..
အဖေ့ကို ပိုချစ်ပါ တဲ့။
မဟာပုရိသကြီးပါလားနော်!

တောမှာကတော့ အရင်အတိုင်းပါပဲ။
ကျွန်တော့်ကို မနေ့တစ်နေ့ကမှ မွေးတဲ့ကလေးလို ဆက်ဆံကြတာကို အပြစ်မပြောနဲ့။
ရန်ကုန်မှာ ဆရာကြီးလာလုပ်နေတဲ့ အဖေ့ကိုတောင် မောင်ကြည်ဝင်းဆိုပြီး ခေါ်ဆုံးမတဲ့သူတွေ တစ်ပုံကြီး ကျန်သေးတယ်။

ပြန်မဖြေခဲ့ပေမယ့် တစ်ညလုံး တွေးတာ မနက်မှ အဖြေထွက်ပါတယ်။
ကျွန်တော့် အနိမ့်အမြင့်တွေတိုင်းမှာ ကျွန်တော်နဲ့အတူတူ ရင်ဆိုင်ခဲ့တဲ့ ကြုံလာတဲ့အခက်အခဲတိုင်းမှာ ကျွန်တော့်ရှေ့က အမြဲရပ်တည်ပေးခဲ့တဲ့ မိဘနှစ်ပါးလုံးဟာ ကျွန်တော့်ဘဝမှာ မရှိမဖြစ် အရေးပါကြသူတွေချည်းပါပဲ။

ငယ်ငယ်က အမေ ပြောခဲ့ဖူးတာလေးတစ်ခု ရှိတယ်။
သားကို ချစ်တာတူရင်တောင် အဖေက အမြော်အမြင်ပါတယ် တဲ့။

ကျွန်တော်ကတော့ သူ့တစ်ဘဝလုံးကို မိသားစုအတွက် ပေးပစ်လိုက်တဲ့အမေ့ကို အဖေ့နောက်နားမှာ မထားနိုင်ပါဘူး။

ဒါကို အဖေ နားလည်နိုင်မှာပါ။
:)

ဘာမှပြန်မလိုချင်တဲ့စိတ်

တစ်ခါတစ်လေကျ ဘာကိုမှ သိပ်ရှည်ရှည်ဝေးဝေး တွေးမနေဘဲ ကိုယ့်ဘက်က လုပ်နိုင်တာလေး လုပ်ပေးလိုက်ရတာနဲ့တင် သူအဆင်ပြေသွားတာမြင်ရတဲ့အခါ ကိုယ့်စိတ်မှာလည်း ပျော်ရွှင်မှုတစ်ခု ရလိုက်တယ်။
ကိုယ့်အတွက် ဘာမှပြန်မရလည်း ဘ၀ကို အများအတွက် ပေးဆပ်ဖို့ အမြဲရှိနေခဲ့သူတွေဟာ သူတို့စိတ်ထားနဲ့ ထိုက်တန်တဲ့ အကျိုးကိုတော့ ပြန်ခံစားရတာပါပဲ။
ထွေထွေထူးထူးတွေ တောင်းဆုခြွေနေစရာ မလိုဘူးလို့ ယူဆပါတယ်။
ကျေးဇူးရှင်ဖြစ်ချင်လို့ ကူညီပေးခဲ့သူတွေလည်း ရှိသလို ဘာမှမျှော်လင့်မထားဘူးပြောပြီး ကိုယ်ပေးသလောက် ပြန်မရတဲ့အခါ အသိတရားခေါင်းပါးလိုက်တာလို့ တွေးမိတတ်သူတွေလည်း ရှိပါတယ်။
အကုသိုလ်အလုပ် လုပ်မိရုံနဲ့ အကုသိုလ်ဖြစ်ဖို့ လုံလောက်ပေမယ့် တစ်ခါတစ်လေ ကုသိုလ်အလုပ်လုပ်ပြီး ကုသိုလ်မဖြစ်တာဟာ ကိုယ့်ဖက်က စိတ်ထားမှားနေလို့၊ အကျိုးကို မျှော်ကိုးမိလို့ ဒါမှမဟုတ် ကျေးဇူးတင်ခံချင်လို့ စသဖြင့် မဖြောင့်စင်းတဲ့ အခြေခံအကြောင်းအရင်းတွေကြောင့် ဖြစ်တတ်ပါတယ်။
ကျွန်တော်ကတော့ သူစိမ်းလူတစ်ယောက်ဖြစ်ဖြစ်၊ မိဘဆွေမျိုးအသိုင်းအ၀ိုင်းထဲကလူကိုပဲဖြစ်ဖြစ် ကူညီနိုင်တာကို ကူညီပေးပြီးတဲ့အခါ ဘာမှ ပြန်မလိုချင်တဲ့စိတ်နဲ့ အများအကျိုးကို သယ်ပိုးထမ်းရွက်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။
ချစ်လို့ ခင်လို့ သနားလို့ စသဖြင့် အမြဲပြောင်းလဲသွားနိုင်တဲ့ စိတ်ခံစားချက်တွေကို အကြောင်းခံပြီး ကူညီပေးလိုက်တဲ့အခါ ကိုယ်လုပ်လိုက်တဲ့ အပြုအမူကရော၊ ကိုယ့်ရဲ့အတွင်းစိတ်မှာပါ ရိုးသားမှုပျောက်ဆုံးနေသလို ခံစားရလို့ပါ။


လူစိုး

အဓိပ္ပါယ်အသစ်များ

အရင်တုန်းကတော့ တိုင်းပြည်အတွက် အုပ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ချင်ခဲ့သူတစ်ယောက်ပါ။

အခုတော့ ယန္တရားထဲက ခွေးသွားစိတ်ကလေးတစ်ခုတောင် ဖြစ်ချင်စိတ်မရှိတော့ပါဘူး။

စနစ်ကို ဒါမှမဟုတ် ဝါဒကို တစ်ဖက်လမ်းက အသုံးချရုံသက်သက် အယုံသွင်းပြီး လိမ်ညာခိုင်းစားတဲ့ လူနည်းစုကောင်းစားရေးမှာ ဦးဆွေးဆံမြည့် မထမ်းရွက်နိုင်တော့ပါ။

ကျွန်တော့်ကို ဆေးလောကအကြောင်း ဆရာဝန်လောကအကြောင်း ရေးသူလို့ပဲ သိနေသူတွေကို တောင်းပန်ပါတယ်။

ကျွန်တော်က ကျွန်တော့်နည်းကျွန်တော့်ဟန်နဲ့ မူလအစကတည်းက စစ်ကို ပြင်းထန်စွာ ဆန့်ကျင်သူပါ။
တပ်မတော်ထဲက ကိုယ်ကျိုးရှာအတ္တသမားတွေကို ဗြောင်ကန့်ကွက်သူပါ။
အမျိုးသားရေးကို ခုတုံးလုပ်ပြီး နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေး တိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံမှုတွေ ချိုးဖောက်ဖျက်ဆီးနေတာတွေကို ကျွန်တော့်တတ်နိုင်သလောက် အစွမ်းလေးနဲ့ အစဉ်တစိုက် ကန့်ကွက်နေခဲ့သူပါ။

ကျွန်တော်က ငြိမ်းချမ်းရေးကို လိုလားတဲ့ လစ်ဘရယ်တစ်ယောက်ပါ။

တိုင်းပြည်ကို အသက်ပေးပြီး ချစ်မယ့်နေရာမှာ လူသတ်လက်နက်တွေ ကိုင်ပြီး ရှေ့တန်းစစ်စခန်းမှာ ထွက်တိုက်ရဲမှလို့ ကျွန်တော် လုံးဝ မယူဆပါ။

ဝါဒမှိုင်းတွေကြားက ထိုးထွက်လာခဲ့သူပါ။

လူတန်းစားအလွှာအသီးသီးက အခွင့်ထူးခံပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုနဲ့ အချုပ်အခြာကို ကာကွယ်ချင်စိတ်မရှိလို့ မျိုးမချစ်တဲ့ မျိုးမစစ်လို့ သတ်မှတ်ကြမယ်ဆိုရင်လည်း ကျွန်တော့်တစ်နေရာစာ အုပ်တစ်ချပ်ကို လှပ်ထားပေးကြပါ။

ဒီလိုမှ မဟုတ်ရင်လည်း ဒီစကားလုံးတွေကို အဓိပ္ပါယ်အသစ် ပြန်လည်ပြဌာန်းပေးပါ။

၁ နိုင်ငံတော်
၂ နိုင်ငံသား
၃ စနစ်
၎ အမျိုးသားရေးစိတ်ဓာတ်
၅ တပ်မတော်
၆ ငြိမ်းချမ်းရေး
၇ အချုပ်အခြာအာဏာ
၈ မျိုးချစ်စိတ်
၉ ပြည်ထောင်စုမူ


လူစိုး

စည်းတစ်ခုခြားလိုက်သလို

"မောင်တို့မယ်တို့သည် ဆေးပညာကို ကောင်းစွာသင်ယူတတ်မြောက်ပြီးပြီဟု ယူဆသဖြင့် မောင်တို့မယ်တို့အား ဆေးပညာဘွဲ့ကို အပ်နှင်းလိုက်သည်။"

ပါမောက္ခချုပ်ကဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပြောကြားခဲ့တဲ့မိန့်ခွန်းထဲမှာ ဒီစကား ပါခဲ့ပါတယ်။

သတ်မှတ်အရည်အချင်းများနဲ့ ပြည့်စုံသူတွေကို ရွေးချယ်လက်ခံပြီး သက်ဆိုင်ရာအတန်းအလိုက် ဘာသာရပ်များကို ဖြေဆိုအောင်မြင်ပြီး သတ်မှတ်ထားသော အလုပ်သင်ကာလကို ဖြတ်ကျော်ပြီးနောက် အရည်အချင်းပြည့်မီသည်ဟု ယူဆနိုင်သော ဆရာဝန်များကို ပါမောက္ခချုပ်ကိုယ်တိုင် အခမ်းအနားနဲ့ ဘွဲ့ကို ပေးအပ်ခဲ့တာပါ။

ဆေးကျောင်းတစ်ကျောင်း ကျောင်းသား လေးရာနှုန်းဖြင့် ခေါ်ယူခဲ့မှုဟာ မြန်မာနိုင်ငံတစ်ဝှမ်း လူနာနှင့်ဆရာဝန်အချိုးကွာဟနေမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်ခဲ့ကြောင်း အများအသိပင် ဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ တစ်ကျောင်းကို ခြောက်ရာနှုန်းခန့် ခေါ်ခဲ့တယ်ဆိုတာကိုလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။

"အာဆီယံနိုင်ငံတွေလို လူနာနဲ့ဆရာဝန် အချိုးမျှတဖို့အတွက် တစ်နှစ်ကို ကျောင်းသားဦးရေ ၂၀၀၀လောက် မွေးထုတ်ပေးနိုင်မှ လုံလောက်မှာ ဖြစ်ပါတယ်။"

ဇန်န၀ါရီလ ၂၁ရက် ပထမအကြိမ်အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ ကျွန်တော်တို့ရဲ့ ဆရာကြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် ပြောခဲ့တဲ့ စကားပါ။

အင်ဒိုနီးရှားမှာ လူဦးရေ တစ်သောင်းမှာ ဆရာဝန်တစ်ယောက်ရှိပြီး အခြားသော အာဆီယံနိုင်ငံတွေမှာ လူဦးရေတစ်သောင်းမှာ ဆရာဝန်ငါးယောက်နှုန်း ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ Myanmar Health Index 2000 အရဆိုရင် မြန်မာနိုင်ငံမှာ လူဦးရေတစ်သောင်းမှာ အနည်းဆုံး ဆရာဝန် ၆ ယောက်မှ အများဆုံး ၄၆ ယောက်အထိ ရှိနေပါပြီ။

ဆရာကြီးတို့ မွေးထုတ်လိုက်တဲ့ တစ်နှစ်လျှင် ၂၀၀၀မျှသော ဆရာဝန်အပေါင်းက အဘယ်သောအရပ်ဒေသမှာ တာဝန်ထမ်းဆောင်ကြရပါမလဲ။ မနှစ်က ခေါ်ယူခဲ့သော ၅၀၀၊ ယခုနှစ် ခေါ်ယူခဲ့သော ၁၅၀၀၊ လာမည့်နှစ်များမှာ အောင်မြင်ပြီးသူအားလုံးအား အလုပ်ခန့်ထားရန် ဆောင်ရွက်မည်ဟု ဆရာကြီးကိုယ်တိုင် ဇန်န၀ါရီ ၂၁ရက်နေ့က ဖြေကြားခဲ့ပါတယ်။

လက်ရှိအချိန်အထိ ကျန်းမားရေးဦးစီးဌာနလက်အောက်ရှိ ဆေးရုံပေါင်း ၉၁၅ ရုံမှာ အထူးကုဆရာဝန်နှင့် လက်ထောက်ဆရာဝန် စုစုပေါင်း ၄၇၄၉ဦး တာဝန်ထမ်းဆောင်နေပြီး ယခုနှစ်ခေါ်ယူထားတဲ့ ဆရာဝန် ၁၅၀၀ ကို ပေါင်းလိုက်ပါက ၆၂၄၉ဦး ရှိသွားမှာ ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ ဆေးကုသခွင့်လက်မှတ်ကိုင်ဆောင်ထားသူ ဆရာဝန်ဦးရေ ၃၀,၀၀၀ ကျော်နဲ့ ယှဉ်တဲ့အခါ ငါးပုံတစ်ပုံများသာ ရှိသေးတာကို ဆရာကြီးတို့ သဘောပေါက်စေချင်ပါတယ်။ ဆရာကြီးတို့ မွေးထုတ်ပေးခဲ့သော ကျန်ငါးပုံလေးပုံသော ဆရာဝန်များအပေါ်မှာ ဆရာကြီးတို့ ဘယ်လိုသဘောထားပါသလဲ။

ထိုနေ့မှာပဲ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈)မှ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးမြန်းချက်ကို ဆရာကြီး ပြန်လည်ဖြေကြားခဲ့တဲ့ အထဲမှာ ဆရာကြီးတို့ရဲ့ သဘောထားကို အသေအချာ မြင်လိုက်ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၂့၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ နည်းဥပဒေပုဒ်မ ၇(က) နဲ့ ပုဒ်မ ၈ တို့ကို ရှေ့တန်းတင်လိုက်တဲ့အခါ တစ်ချိန်က ရှိခဲ့ဖူးတဲ့ ဆရာတပည့်စိတ်၊ ဆရာဝန်အချင်းချင်း ကူညီစောင့်ရှောက်ပေးတဲ့ဓလေ့၊ စီနီယာက ဂျူနီယာအပေါ်မှာ ညှာတာတတ်တဲ့ ကျွန်တော်တို့ ဆရာဝန်လောကထဲက နှစ်လိုဖွယ်ကောင်းတဲ့ အလေ့အထတွေ အားလုံး မြောင်းထဲရောက်သွားပါတော့တယ်။

စီစစ်မှုမရှိဘဲ တိုက်ရိုက်ခန့်ထားပေးဖို့ ဘယ်သူဘယ်ဝါက တောင်းဆိုဝံ့ပါသလဲခင်ဗျာ။ ဒီလမ်းကို လျှောက်ရင် ဒီတံခါးပေါက်တွေကို မဖြစ်မနေ ဖြတ်သွားရမယ်ဆိုတာ အားလုံးအသိပါ။
အချိန်ကုန် ငွေကုန်ခံပြီး စေတနာအပြည့်နဲ့ စီစစ်ပေးခဲ့ကြတယ်ဆိုတာကိုလည်း ငြင်းစရာ မရှိပါခင်ဗျာ။
ငါးပုံတစ်ပုံသော ဆရာဝန်များ၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန် ကျန်သောငါးပုံလေးပုံသော ဆရာဝန်များ၏ အရည်အချင်း၊ အသိညဏ်နဲ့ ရွေးချယ်မှုကို ထိခိုက်ပြောဆိုစရာ မလိုအပ်ဟု ယူဆပါတယ်။
လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်ခင်ဗျာ။

ရာထူးဝန်စာမေးပွဲကို ၀င်ရောက်မဖြေဆိုသူ၊ ဖြေဆိုပါလျက် မအောင်မြင်သူ၊ ဟိုယခင်ကပင် အလုပ်မ၀င်သူ၊ အခြားသော အကြောင်းအမျိုးမျိုးကြောင့် အစိုးရ၀န်ထမ်းဘ၀လုပ်လိုပါသော်လည်း မလုပ်နိုင်သူ၊ စသည်ဖြင့် ပြင်ပမှ ဆရာဝန်အပေါင်းဟာ အရည်အချင်း မပြည့်မီသူများဟု ဆရာကြီး ဆိုလိုပါသလားခင်ဗျာ။
 

ထိုဆရာဝန်အပေါင်းဟာ ကောင်းစွာအောင်မြင်တတ်မြောက်ခဲ့ခြင်းမဟုတ်ဟု အဓိပ္ပါယ်သက်ရောက်မနေပါဘူလားခင်ဗျာ။

ဆရာကြီးခင်ဗျာ...
ကျွန်တော် စဉ်းစားမိသလောက် ပြောပြပါရစေ။
ဆရာကြီးဖယ်ထုတ်လိုက်သော ဆရာကြီးတပည့် အများစုက အခုအချိန်မှာ ရပ်ကွက်ထဲက ဆရာဝန်လေးတွေ ဖြစ်နေကြပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက ဆရာကြီးတို့ သိကြတဲ့အတိုင်း ပြည်သူတွေဟာ ဆေးခန်း၊ဆေးရုံကို လွယ်လွယ်မလာတတ်ကြပါဘူး။ နေထိုင်မကောင်းဖြစ်ကြတဲ့အခါ လွယ်လင့်တကူ ဆေးဆိုင်တစ်ဆိုင်ဝင်ပြီး စပ်ဆေးလေးတော့ အရင်ဝယ်သောက်လိုက်ကြပါသေးတယ်။ မသက်သာဘူးဆိုတော့မှ သူတို့ရတဲ့ ချွေးနဲစာထဲက ဆရာဝန်ပေါက်စနလေးတွေဆီကို နည်းနည်းလာခွဲပေးကြတာပါ။ ပေါက်စနလေးတွေအနေနဲ့ သူတို့ကို ရပ်ရွာက လက်ခံဖို့၊ အသိအမှတ်ပြုဖို့ အချိန်တွေ အများကြီး အကုန်ခံကြရတာပါ။ အခု ဒီဆရာဝန်လေးတွေဟာ အရည်အချင်းမပြည့်မီကြသူတွေပါလားလို့ အရပ်ထဲက လူတွေ တွေးကုန်ကြရင် သူတို့အဖို့ ဆုံးရှုံးရတာ ငွေကြေးနဲ့ အချိန်တွေတင် မကတော့ပါဘူး။ သူတို့တည်ဆောက်ထားတဲ့ ဂုဏ်သိက္ခာပေါက်စနလေးတွေပါ ကျဆင်းသွားကြရမှာပါ ဆရာကြီးခင်ဗျာ။

ဆရာဝန်ဘွဲ့ယူပြီး စီးပွားရေးပဲ လုပ်နေကြတဲ့ ဆရာကြီးတို့ရဲ့ တပည့်တွေလည်း အများကြီးပါခင်ဗျာ။ မင်းတို့ အမ်ဘီဘီအက်စ်ရတာ အရည်အချင်းမရှိလို့ အပြင်မှာ စီးပွားရေးလုပ်စားနေရတာမလားလို့ အမေးခံကြရပါတော့မယ်။ အခြေအနေအရ အပြင်အလုပ် လုပ်နေကြရပေမယ့် ဆေးကျောင်းက ပြီးခဲ့သူတိုင်းမှာ ဆရာဝန်စိတ်ကလေးတော့ ကျန်ပါသေးတယ် ဆရာကြီးခင်ဗျာ။

အလုပ်မ၀င်မိရုံနဲ့ ဒေသခံပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်လောက်အောင် ဆိုးရွားသွားလိမ့်မယ်လို့ ဆရာကြီး ထင်ရက်ပါပေ့၊ ပြောရက်ပါပေ့။ အလုပ်ဝင်သွားတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ အပြင်မှာ ကျန်ခဲ့တဲ့ ကျွန်တော်တို့တစ်တွေအကြား ခွဲရက်ပါပေ့၊ စည်းခြားရက်ပါပေ့ ဆရာကြီးရယ်။

စာတစ်စောင်လုံး အမှားချည်းပဲမို့ ကျွန်တော့်ကို ခွင့်မလွှတ်ချင်နေပါ၊ ကျွန်တော်တို့နောက်မှာ ဆမကိုင်ပြီး စောင့်နေတဲ့ ကျွန်တော်တို့ ညီတွေ၊ ညီမတွေကိုတော့ ကျေးဇူးပြုပြီး တံတွေးခွက်ကလွတ်အောင် အဖတ်ဆယ်ပေးပါလို့ တောင်းပန်ပါရစေ ဆရာကြီးခင်ဗျား။

စိုးထိုက်

References:
1. http://www.newscenter.philips.com/main/standard/news/press/2010/20100519_asean_philips_index.wpd#.UQGHodm2_IU
2. http://www.moh.gov.mm/#top
3. Myanmar Health Statistics 2010
4. Biweekly Eleven Journal No.43 Vol 5
5. ကြေးမုံသတင်းစာ စာမျက်နှာ (၇) ဇန်န၀ါရီ ၂၂၊ ၂၀၁၃။

ခေတ်သစ်ကျွန်

တစ်နေ့က ကျနော့်ဆေးခန်းလေးကို ရင်ကျပ်ပန်းနာနဲ့ လာပြနေကျ လူနာတစ်ယောက် လာပါတယ်။ သူတို့လင်မယားက သမီးကမွေးတဲ့ မြေးမလေးနဲ့ သုံးယောက် သဲကွင်းခေါ်တဲ့ ရွှေပေါက်ကံအ၀င်ဝက ငမိုးရိပ်ချောင်းဘေးမှာ နေကြသူတွေပါ။ သူတို့က သဲလှေမော်တော်နဲ့ တစ်နေ့ကို နှစ်ခေါက် ချောင်းအတိုင်း မြစ်သုံးခွဆုံနားက ရန်ကုန်သောင်မှာ သဲသွားစုပ်တဲ့အလုပ်ကို နေ့စဉ်လုပ်ကြသူတွေပါ။ သူတို့ မိန်းမတွေကလည်း သဲထမ်းကျောက်ထမ်းအလုပ် ၀င်လုပ်ကြသူတွေပါ။ သူတို့သူဌေးပိုင်တဲ့ကွင်းထဲမှာပဲ တစ်ခြားအလုပ်သမားတွေနဲ့အတူ ဆယ်ပေပတ်လည်လောက် တဲလေးတွေ ထိုးပြီးနေကြပါတယ်။ သူရောဂါပြန်ဖြစ်တဲ့ညက သဲမော်တော်ဆိုက်ပြီး ကမ်းပေါ်စုပ်တင်ပြီး တဲပြန်အိပ်ကြတော့ပဲ ည ၁၂နာရီလောက် ရှိနေပါပြီ။ တစ်နာရီလောက်မှာ သူဌေးက ဘိလပ်မြေကားရောက်တယ်။ ညတွင်းချင်း အပြီးချရမယ်ဆိုပြီး လာနှိုးပါသတဲ့။ အဲဒီအလုပ်က တောင်ဒဂုံမှာပါ။ ဒါနဲ့ ထလိုက်သွားပြီး ဘိလပ်မြေအိတ် ၁၀၀၀ကို ထမ်းချလိုက်တာ လင်းခါနီးမှပဲ ပြီးပါတယ်။ မိုးလင်းတော့ ကျနော့်ဆီ ရောက်လာတဲ့အခါ သူ့လက်တွေက ပေါက်ပြဲပြီး ရောင်ကိုင်းနေတာပါပဲ။ ဒီထက်ဆိုးတာက သူ့ရင်ဘက်နှစ်ခုလုံးကနေ ရင်ကျပ်လို့ ထွက်နေတဲ့ ရွှီ ရွှီ အသံက နားကျပ်မတတ်ဘဲကို အတိုင်းသားကြားနေရတာပါ။ ကျနော်လည်း ကျနော့်မှာရှိတဲ့ ဆေး၊ ကျနော်တတ်သလောက် ပညာလေးနဲ့ ကြိုးစားပေးလိုက်တာ နာရီဝက်လောက်မှာပဲ သူနည်းနည်းတော့ သက်သာလာပြီး စကားကို လေသံတစ်ဆက်တည်း ပြောနိုင်လာပါတယ်။ သူကျနော့်ကို မေးတာ တစ်ခုတည်းပါ။ သူ့လက်တွေ အရောင်ကျဘယ်တော့ ကျမလဲတဲ့။ သူ ဒီည မော်တော်ပြန်လိုက်ရမှာမို့ပါ။ ကျနော်သူ့ကို နောက်တစ်ခေါက် ဘိလပ်မြေတွေသယ်ရင် နှာခေါင်းကို အ၀တ်နဲ့ လုံအောင်စည်းဖို့၊ မြစ်ပြင်ထဲ ညတွေဆို အရမ်းအေးတာမို့ ညဖက်တစ်ခေါက်ကို မလိုက်ဖို့ ပြောတာတွေ သူမကြားပါဘူး။ သူ့မိန်းမကို ကျနော် သေသေချာချာ ရှင်းပြပါတယ်။ ရင်ကျပ်ပန်းနာသမားက အမှုန်တွေ၊ အအေးဒဏ်တွေကို မခံသင့်တဲ့အကြောင်းတွေကိုပေါ့။ သူ့မိန်းမက ကျနော့်ကို ပြန်ပြောသွားတဲ့စကားက "သူ့ဝင်းထဲနေပြီး သူ့အလုပ် လုပ်နေရတာဆရာ၊ မတတ်နိုင်ဘူး" တဲ့။
ဘယ်သူက တတ်နိုင်ပါသလဲ။
သူ့ရောဂါနဲ့ ပတ်သက်ပြီး မှာတာတွေကိုတောင် သူတို့ လက်မခံနိုင်လောက်အောင် ခက်ခဲပင်ပန်းကြီးစွာ အသက်မွေးဝမ်းကြောင်းနေကြသူတွေကို အလုပ်ရှင်ဆိုတာ အလုပ်သမားကို အလုပ်ချိန်အတွင်းပဲ ပိုင်တယ်။ အလုပ်သမားတစ်ယောက်ရဲ့ အခြေခံအခွင့်အရေးတွေက ဘာတွေပါလို့ပြောဖို့ ကျနော်တော့ မတတ်နိုင်ပါ။ သူတို့ သာရေး နာရေးကအစ အရာအားလုံးကို တာဝန်ယူထားတဲ့ သူတို့အလုပ်ရှင် သူဌေးက သူတို့အတွက် နေစရာ အလုပ် အားလုံး ဖန်တီးပေးထားတဲ့သူ ဖြစ်နေတော့ နောက်တစ်ခါ သူရင်ကျပ်ပြန်တဲ့အခါ ကျနော့်မှာ သူလိုအပ်မယ့် ဆေးတွေ အဆင်သင့်ရှိနေအောင် စုဆောင်းထားဖို့ကလွဲလို့ ကျနော် ဘာမှ မတတ်နိုင်ပါ။ အမြဲတမ်း သူရင်ကျပ်လာတိုင်း ကျနော်က ကုပေးလိုက်ရင် ကောင်းသွားနေကျမို့ နောက်တစ်ခါ ကျနော်ကုပေးပြီးရင်လည်း ကျနော်က ကောင်းသွားမှာပါလို့ မပြောလည်း သူ ကျနော့်ကို ကောင်းသွားမယ်မလား ဆရာလို့ မေးတဲ့အခါ ရင်ကျပ်ပန်းနာရောဂါဟာ ဘယ်တော့မှ အရှင်းမပျောက်တဲ့အကြောင်း၊ သူ့နောက်ဆက်တွဲတွေအနေနဲ့ ဘာတွေဖြစ်တတ်တယ်ဆိုတဲ့အကြောင်းတွေ ပြောပြဖို့ ကျနော် တတ်နိုင်ပါ့မလား ကျနော့်ကိုယ်ကျနော် ပြန်မေးနေမိပါတယ်။


လူစိုး

ကျွန်တော်အားနာမိသူ

ရှင်ကွဲ ကွဲကြပေမယ့် ဇနီးဖြစ်သူအပေါ်မှာ နည်းနည်းမှ မငြိုငြင်ဘဲ သားနှစ်ယောက်ရဲ့ တာဝန်တွေကို ဇနီးသည်ကိုယ်စား ဝင်ထမ်းခဲ့တယ်။

ဆီးကျိတ်ကင်ဆာနဲ့ မရတော့ဘူးလို့ သိတဲ့အချိန်မှာလည်း ဇနီးနဲ့ တွေ့ခွင့်ရဖို့ အကြိမ်ကြိမ် ပယ်ချနေတဲ့ကြားက ဗီဇာရဖို့ စောင့်နေရင်း သူ့မွေးနေ့မှာပဲ ဆုံးသွားခဲ့တယ်။

သူ့သားငယ်ရဲ့ ပြောစကားကို သတိရစွာ ပြန်ရေးတင်လိုက်ပါတယ်။

"အဖေလုပ်ပေးခဲ့တာတွေဟာ သိပ်အသိအမှတ်ပြုမခံရပါဘူး။ အမေ့အတွက် နိုင်ငံတကာက ထောက်ခံအားပေးမှုတွေ ရလာအောင် လုပ်ပေးခဲ့တာ၊ အမေ နိုဗယ်ဆုရအောင် တိုက်တွန်းပြောဆိုပေးခဲ့တာ၊ အမေ့ကို သူလုပ်ချင်တာတွေ လုပ်ခွင့်ပေးခဲ့တာ၊ အမေ နောက်ဆံမတင်းရဘဲ ဆက်လုပ်နိုင်အောင် အားပေးခဲ့တာ၊ တစ်ချိန်တည်းမှာ သူ့အလုပ်တွေကို ဆက်လုပ်ရင်း ကျွန်တော်တို့ကို စောင့်ရှောက်ခဲ့တာ၊ .... ဒီလို အဖေ ပါဝင်ပေးခဲ့တဲ့ အခန်းကဏ္ဍကို လူတွေသိသင့်သလောက် မသိကြပါဘူး။" တဲ့။

သူဟာ ပညာကို တန်ဖိုးထားတဲ့၊ မိသားစုကို ချစ်တတ်တဲ့၊ မြန်မာပြည်ကို သံယောဇဉ်ရှိတဲ့ အနောက်တိုင်းသား လူကြီးလူကောင်းတစ်ယောက်ပါ။

လူလွန်မသားတွေက အမေ့ကို ကုလားမယားလို့ဆဲတိုင်း ကျွန်တော့်စိတ်ထဲမှာ သူပေးဆပ်ခဲ့တဲ့ ခင်ပွန်းတစ်ယောက်ရဲ့ စွန့်လွှတ်မှုနဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ မြင့်မြတ်တဲ့စိတ်ထားကို ပြန်ပြန်မြင်ပြီး သူ့ကို အားနာနေမိပါတယ်။


လူစိုး
credit: ညနေခင်းသတင်း အတွဲ ၁၀ အမှတ် ၀၃