Search This Blog

Showing posts with label Essays. Show all posts
Showing posts with label Essays. Show all posts

Monday, March 11, 2013

ဥပဒေသ(၇) ပုံစံခွက်မှ လွတ်မြောက်ခြင်း

အမှားတစ်ခုကို ထပ်ခါထပ်ခါ မကျူးလွန်မိစေနဲ့လို့ပြောရင် လူတကာ ပြောပြီးလို့ လူတကာ သိပြီးသားချည်းမှန်း ကျွန်တော် သိပါတယ်။ ဒါပေမယ့်လည်း တော်ပေ့ဆိုတဲ့သူတွေလည်း ဒီလိုအမှားမျိုးကို ထပ်ခါထပ်ခါ လုပ်မိတတ်ကြတယ်လေ။ ခင်ဗျားရဲ့ အရင်ရည်းစားဟာ “ဆောင်းအိပ်မက်ဆိုး”လို့ တွေးပြီး သူ့ကို သတိရစေမယ့် အရာတွေကနေ မိုင်ပေါင်းသန်းချီဝေးတဲ့အထိ ထွက်ပြေးချင်နေပေမယ့်လည်း ခင်ဗျား လက်ရှိချိတ်နေတဲ့တစ်ယောက်ကလည်း အရင်လူနဲ့ တစ်ပုံစံတည်းဖြစ်နေတတ်တယ်နော်။

လူနှစ်ယောက်ရဲ့ ဆက်ဆံရေးတိုင်းမှာ သီးသန့်ပုံသဏ္ဍာန်တစ်ခုစီ ရှိတယ်ဗျ။ တစ်ယောက်ယောက်က နာတာရှည်သံသယကြီးနေတာ၊ စိတ်မလုံခြုံတာ၊ တိရိစ္ဆာန်ချစ်တတ်တာ၊ အပြင်ဘဲခဏခဏ ထွက်ချင်နေတာ၊ အသက်အရမ်းကွာတာ၊ ဆရာလုပ်ချင်တာ၊ အလေးအနက်မထားတာ စသဖြင့်.... ပြသနာတစ်ခုမဟုတ် တစ်ခု ရှိတတ်ပါတယ်။ ခင်ဗျားက တိရိစ္ဆာန်မွှေးတွေနဲ့ ဓာတ်မတည့်တဲ့ ရောဂါမရှိရင် သူ့ဟာသူ ဘာကောင်မွေးမွေး အေးဆေးပါ။ ခင်ဗျားက လူကြားသူကြားသွားရမှာ သိပ်မကြောက်တတ်တဲ့ အမျိုးသမီးဆိုလည်း သူဘယ်သွားသွား ကိုယ်က အသာလေး လိုက်သွားရုံပေါ့။ ဒါပေမယ့် ဟုတ်နေလျက်နဲ့တော့ ဒီလူနဲ့ ဒီကိစ္စကြောင့် ရှေ့ဆက်ဖို့ အဆင်မပြေဖြစ်ခဲ့ပြီဆိုတာ သိသိလျက်နဲ့တော့ နောက်တစ်ယောက်ကလည်း ဒီပုံစံအတိုင်းပဲဆိုရင် အုတ်နံရံတစ်ခုတည်းကိုပဲ ခေါင်းနဲ့ ပြေးပြေးဆောင့်နေသလို ဖြစ်နေမှာပေါ့။

မလွယ်မှန်း ကျွန်တော်သိတယ်။ (ကျွန်တော် ဘယ်လိုမှ မကူညီနိုင်တဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့ ဆက်ဆံရေးကို ကြည့်နေမြင်နေရတာနဲ့တင် မလွယ်မှန်း ကျွန်တော်တကယ်သိပါတယ်။) အကယ်၍ အနှီ စိတ်မလုံခြုံတတ်သော/ ကိုယ့်ကိုယ်ကို စွတ်ယုံတတ်သော/ စည်းမရှိအောင် လွတ်လပ်နေတတ်သော/ သစ္စာမရှိသော/ မကြင်နာတတ်သော/ ကာမပိုင်ရှိပြီးသော ပုဂ္ဂိုလ်မျိုးဟာ အခြားဘယ်ရှုထောင့်ကနေ စဉ်းစားစဉ်းစား ပစ်ရက်စရာမရှိအောင် ကောင်းနေခဲ့ပါရင်၊ သူနဲ့ကိုယ့်ကြား တည်ဆောက်ထားတဲ့ ဆက်ဆံရေးကို အဆုံးသတ်ပစ်ဖို့ အတော်လေးကို ခက်ပါတယ်။ ကဲ၊ ခင်ဗျား ကြိုက်သလို ဆုံးဖြတ်ပါ။ ကျွန်တော်ပြောလိုသမျှကတော့ ဒီလိုလူမျိုးဟာ ကိုယ်နဲ့ အရင်ကလည်း မအိုကေခဲ့ဘူးဆိုရင်၊ နောင်လည်း အိုကေစရာမရှိဘူးလို့ပဲ ပြောချင်တာ။ ဒါ့ကြောင့် ခင်ဗျား အပျက်အယွင်း မခံနိုင်တော့လို့ ဒီအတိုင်း နေချင်သပဆိုလည်း နေပါဗျာ။ နောင်မှ ဆိုးဆိုးရွားရွားတွေ ဖြစ်တဲ့အခါ ကျွန်တော်သတိမပေးရကောင်းလားလို့ မပြောပါနဲ့။ ကျွန်တော် တစ်ယောက်တည်းက ခင်ဗျားကို ပြောနေတယ်လို့တော့ မယူဆဘူး။ ခင်ဗျားအကြောင်းကို သိတဲ့ ခင်ဗျားမိတ်ဆွေတွေကလည်း ခင်ဗျားကို ပြောမှာပါပဲ။

ဒါပေါ့၊ အနည်ထိုင်နေတဲ့ အပြုအမူတွေကို ပြောင်းလဲရတာ သိပ်ခက်တာ။ အရေးကြီးဆုံးက ပြသနာကို အရင်သိဖို့၊ ပြီးတာနဲ့ ဒီဇာတ်ပျက်ထဲ ခင်ဗျား ဘယ်လောက်တောင် ထဲထဲဝင်ဝင်ဖြစ်နေပြီလဲဆိုတာ ခရေစေ့တွင်းကျ လိုက်တော့။ ခု ခင်ဗျားလုပ်စရာ တစ်ခုပဲ ကျန်တယ်။ မအောင်မြင်တဲ့ ဆက်ဆံရေးတွေမှာ ပုံချထားခဲ့တဲ့ ခင်ဗျားရဲ့ဘ၀ကို ခင်ဗျားကိုယ်တိုင် ပြန်ကောက်ဆယ်လိုက်ပါ။ မျက်နှာများတယ်ဆိုတာ လူကြားလို့လည်း မကောင်းသလို အဓိပ္ပါယ်လည်း သိပ်ရှိလှတဲ့ကိစ္စတော့လည်း မဟုတ်ဘူးလေ။ တစ်ခဏတော့ ပျော်စရာကောင်းသလို ထင်ရပေမယ့် ဘယ်လိုလူမျိုးမဆို လေးနက်ခိုင်မာတဲ့၊ အပြန်အလှန် နားလည်လေးစားတတ်တဲ့ မေတ္တာရေးမျိုးကို လိုချင်ကြတာပဲ။ နောက်တစ်ခေါက် ပြန်မစတင်ခင်အထိ ခင်ဗျားဘ၀ကို ခင်ဗျားပြန်ပိုင်နေသလို၊ နောက်တစ်ခေါက် ခင်ဗျားတွေ့မယ့်သူဟာ ခင်ဗျားကို ခေါင်းလေးတစ်ချက် ငြိမ့်ပြပြီးတာနဲ့ ခင်ဗျားဘ၀တစ်ခုလုံးကို ခလောက်ဆန်မယ့်သူ ဟုတ်ချင်မှ ဟုတ်တော့မှာပေါ့။ 

ခင်ဗျားလိုချင်တဲ့ ဆက်ဆံရေးမျိုးဟာ တကယ်လည်း အလုပ်ဖြစ်ပြီး၊ ခင်ဗျားတို့ နှစ်ယောက်လုံးလည်း စိတ်ချမ်းသာရတဲ့၊ ပျော်စရာကောင်းတဲ့ ရေရှည်ဆက်ဆံရေးမျိုးဆိုရင်၊ ခင်ဗျားအနေနဲ့ ပုံစံခွက်ကိုရိုက်ခွဲပစ်လိုက်ဖို့ကလွဲရင် တခြားနည်း မရှိပါဘူး။ တကယ်ချစ်ရင် ပြောင်းလဲပေးတတ်တယ်လို့ ခင်ဗျား ယုံတယ်မလား။ သူပြောင်းလဲလာမယ့် အချိန်ကို ထိုင်စောင့်ရတာ အကျဉ်းကျနေတဲ့ သူတစ်ယောက် လွတ်ရက်မျှော်ရတာနဲ့ တူနေလိမ့်မယ်။ ပွင့်ပွင့်လင်းလင်းသာ ပြောပြပါ။ မှားနေတာ ဘာ၊ ပြင်ရမှာ ဘာ၊ နင်က ဘာတွေပြင်၊ ငါလည်း ဘာတွေပြင်မယ်၊ အချိန်ဘယ်လောက်ယူမယ်၊ နောက် ဒါမျိုး ထပ်မဖြစ်ရအောင် နှစ်ယောက် ဘယ်လိုကတိတွေ ပေးမယ် စသဖြင့် ကိုယ့်ဘာသာကိုယ်ပဲ ညှိကြပါ။ 
ကျွန်တော် ပြောခဲ့တယ်လေ၊ ဆက်ဆံရေးတိုင်းမှာ သီးသန့်ပုံသဏ္ဍာန်တစ်ခုစီ ရှိပါတယ်လို့။ ဒါပါပဲ။ ကျွန်တော်လည်း သွားညှိလိုက်ဦးမယ်။

လူစိုး
The Rules of Love - Richard Templar ကို မှီငြမ်းပါတယ်။


Sunday, March 10, 2013

ဥပဒေသ(၆) အရေပြားတစ်ထောက် ပြသနာ

ခင်ဗျား ခုလောလောဆယ် တစ်ယောက်တည်း ဖြစ်နေရင်၊ ခင်ဗျားကိုခင်ဗျား ရုပ်မရှိလို့ဆိုပြီး အပြစ်တင်ချင်လည်း တင်မိလိမ့်မယ်။ ခင်ဗျားဟာ အ၀လွန်ချင် လွန်နေမယ်၊ နဖူးက ပြောင်စပြုလာမယ်၊ ဗိုက်က နည်းနည်းစူထွက်လာမယ်၊ မျက်ရစ်တွေ ထင်းလာမယ်၊ သိပ်ကိုသေးသေးကွေးကွေးဖြစ်နေမယ်၊ အရပ်က အရမ်းကြီးရှည်နေမယ်၊ ဒါမှမဟုတ် သွားလေးနည်းနည်း ခေါနေမယ်ဆိုပါတော့..

ခင်ဗျား ဘေးပတ်ဝန်းကျင်ကို လေ့လာကြည့်ပါ။ တကမ္ဘာလုံးက လူတွေက ခင်ဗျားထက် ပိုဝ၊ ပိုပြော၊ အရေးအကြောင်းတွေပိုများ၊ ပိုရှည်၊ ပိုပု၊ ဒါမှမဟုတ် သွားဆရာဝန်ဆီကို ခင်ဗျားအရင် သွားဖို့လိုအပ်နေတဲ့သူတွေက ပိုများမနေဘူးလား။ ဒါပေမယ့် သူတို့ကတော့ သူတို့ချစ်တဲ့သူတွေနဲ့ အတူတူ တည်ဆောက်ထားတဲ့ မေတ္တာရေးမှာ ပျော်ပျော်ကြီး အခြေကျနေကြတယ်။ သူတို့ဟာ အစတုန်းကတော့ ကြည့်ပျော်ရှုပျော် ရှိခဲ့မှာပါလို့ မထင်လိုက်ပါနဲ့။

အရေပြားတစ်ထောက်ပါလို့ အော်နေပြီး အဲဒီအရေပြားတစ်ထောက်အောက်ကို ဖောက်မကြည့်နိုင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေ အများကြီးပါ။ အထူးသဖြင့် အခုလို ရုပ်ကို သိပ်ဦးစားပေးတဲ့ခေတ်မှာ ပိုဆိုးတယ်လေ။ ဒါ ခင်ဗျားကိစ္စမဟုတ်ဘူးလို့ တွေးလိုက်ပါ။ ကိုယ့်ရုပ်ရည်ကို သဘောကျလို့ ချဉ်းကပ်လာသူတွေက တစ်ချိန်ကျ ကိုယ့်အိုသွားတဲ့အခါ၊ ၀ိတ်တွေတိုးလာတဲ့အခါ ခင်ဗျားကို ထားခဲ့မယ့်သူတွေပဲ။ ခုတော့ ဒါကို ခင်ဗျားပူနေစရာမလိုဘူး။ ခင်ဗျားမှာ စွဲဆောင်မှုမရှိလေတော့ သူတို့က ခင်ဗျားကို အာရုံမကျတော့ဘူးပေါ့။

တစ်ဖက်မှာ၊ ကိုယ်နဲ့ထိုက်တန်တဲ့သူ တစ်ယောက်ကတော့ ကိုယ့်မှာ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေ ရှိနေရင်တောင်မှ ကိုယ့်ကို တကယ်ချစ်နေမယ်ဆိုရင် လုံလောက်တယ်မလား။ (အားနည်းချက်လို့လည်း တွေးချင်မှ တွေးမှာပါ။)
ခင်ဗျားအတွက် အရာရာအကောင်းဆုံးဖြစ်စေတဲ့သူတစ်ယောက်ကို ၀လာလို့၊ မျက်မှန်ကြီးနဲ့မို့လို့၊ နှာခေါင်းကြီးက ပွလွန်းလို့ဆိုပြီး ခင်ဗျားထားခဲ့မလား။ မထင်ပါဘူး။ သူဆိုရင်လည်း ဒီလို လုပ်မှာမဟုတ်ဘူးလေ။

တကယ်တော့၊ ဒါဟာ ရုပ် ကိစ္စသက်သက် မဟုတ်ဘူး။ ပိုင်ဆိုင်မှုတွေ၊ လက်ရှိအနေအထားတွေ - ဆင်းရဲတာ၊ ကားမစီးနိုင်တာ၊ အိမ်ငှားနေရတာ အားလုံးအတူတူပဲ။

ခင်ဗျား သွားကို ခင်ဗျားပြန်ပြန်ကြည့်ပြီး သဘောမကျဖြစ်နေရင် သွားပြင်လိုက်ပါ။ ၀ိတ်တက်လာတယ်ထင်ရင် အစားကိုထိန်းလိုက်ပေါ့။ ဆံပင်ဆိုတာလည်း ပြန်စိုက်လို့ရနေပြီပဲ။ ကျွန်တော်ပြောချင်တာ ခင်ဗျား ပျော်မယ်ဆိုရင် ပြောင်းလဲပစ်လိုက်လို့ ရတယ်၊ ဒါပေမယ့် ဘ၀လက်တွဲဖော်လေးများ ရမလားဆိုပြီးတော့တော့ မပြောင်းလဲပစ်ပါနဲ့။ ခင်ဗျားနဲ့ အထိုက်တန်တဲ့သူက အပြင်မှာ ရှိနေမှာပါ။ သူတို့က ခင်ဗျားကို ရှာတွေ့မှာပါ။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်လိုက်စမ်းပါ။ ခင်ဗျားရဲ့ စိတ်ရောကိုယ်ပါ တန်ဖိုးထားတတ်တဲ့သူတစ်ယောက်အတွက် ခင်ဗျားဟာ စွဲဆောင်မှုရှိနေပါသေးတယ်။ အဲ့ဒီလူနဲ့ ခင်ဗျားတွေ့တဲ့အခါ ခင်ဗျားစိတ်မှာ ခင်ဗျားတို့နှစ်ယောက်ဟာ ထူးခြားပြီး လှနေတယ်လို့ ခံစားရပြီး ခင်ဗျားရဲ့ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကိုလည်း မေ့သွားပါလိမ့်မယ်။

လူစိုး
The Rules of Love - Richard Templar ကို မှီးပါသည်။

ဥပဒေသ(၅) ရယ်အောင်လုပ်နိုင်သူ

သိပ်သဘောကျတဲ့အချက်ဖြစ်နေတာကော၊ ဆက်ဆံရေးတစ်ခုမှာ လုံးဝအရေးကြီးဆုံးလို့ ယူဆနေတာကြောင့်ပါ ဒီဥပဒေသကို ရှေ့ဆုံးမှာထားမိမတတ်ဖြစ်ရပါသေးတယ်။
ခင်ဗျား လူတစ်ယောက်ကို သူ့အသွင်အပြင်၊ အနေအထား၊ ကိုယ်ရည်ကိုယ်သွေးကို သဘောကျလို့ ရွေးလိုက်တယ်ဆိုရင် တဖြည်းဖြည်းနဲ့ ခင်ဗျား နောင်တရလာလိမ့်မယ်။
အဲဒါတွေအားလုံးဟာ ဘ၀လမ်းတစ်လျှောက်မှာ ပြုတ်ကျဆုံးရှုံးသွားရနိုင်တဲ့အရာတွေဖြစ်နေလို့ပဲ။
အကျင့်စရိုက်တွေကအစ ပြောင်းလဲသွားနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဟာ စိတ်ထိခိုက်ကြေကွဲစရာ အဖြစ်အပျက်တစ်ခုကြောင့် စိတ်ဓာတ်တွေ ကွဲကြေသွားနိုင်သလို စိတ်ရှည်သည်းခံတတ်တဲ့သူတစ်ယောက်ကလည်း ဝေဒနာတစ်ခုခုကို ပြင်းပြင်းထန်ထန်ခံစားရတဲ့အခါ စိတ်ဆတ်တဲ့သူ၊ ဒေါသထွက်လွယ်တဲ့သူ ဖြစ်သွားနိုင်တယ်လေ။

ဒါပေမယ့် “ဇ၀နညဏ်”ကလေးကတော့ဖြင့် အခြားအရာတွေ အားလုံးဆုံးရှုံးလိုက်ရရင်တောင် ခင်ဗျားနဲ့အတူ ရှိနေဦးမယ်။ အလုပ်ကနေ အနားယူလိုက်တာ နှစ်ကိုဆယ်နဲ့ချီကြာခဲ့ပြီ၊ ကလေးတွေလည်း အရွယ်ရောက်လို့ သူ့ဟာနဲ့သူ အခြေကြကုန်ကြပြီ၊ ခင်ဗျားတို့နှစ်ယောက်ကတော့ အိမ်ရှေ့က ခြံဝင်းလေးထဲ သစ်ပင်ရိပ်ကလေးအောက်မှာ ကုလားထိုင်လေးကိုယ်စီနဲ့ အေးအေးသက်သာ အနားယူနေတဲ့အချိန်ရောက်တဲ့အခါ ခင်ဗျားမှာ ဟာသမြောက်အောင် ပြောတတ်တဲ့စရိုက်လေးပဲ ကျန်ချင်ကျန်တော့မှာ။ အဲလိုဆိုရင်တောင်မှ ခင်ဗျားတို့နှစ်ယောက်အတွက် လုံလောက်တယ်မလား။

ဟာသညဏ်ဆိုတာ သိပ်ကို ပုဂ္ဂလိကဆန်တဲ့အရည်အသွေးတစ်ခုပါ။ လူတစ်ချို့ဟာ ကျွန်တော်တို့ကို ရယ်မောအောင် လုပ်နိုင်တဲ့နေရာမှာ အများစုထက်သာတာကို ခင်ဗျားသတိထားမိလား။ လူတစ်ယောက်အနေနဲ့ နေ့စဉ်အလုပ်တွေ၊ ဖိအားတွေ၊ သောကတွေ၊ ချုပ်တည်းမှုတွေရှိနေတာကြောင့် တစ်နေ့မှာ လွတ်လွတ်လပ်လပ် အားရပါးရ ရယ်လိုက်ရတဲ့အချိန် ဘယ်နှစ်မိနစ်ရှိပါသလဲ။ အဲဒီမိနစ်ပိုင်း၊ အချိန်ပိုင်းလေးတွေကို ကိုယ့်ကိုရယ်အောင်လုပ်နိုင်မယ့်သူတစ်ယောက်ကို သင်တွေ့တဲ့အခါ သင့်သိစိတ်က သတိမထားမိပေမယ့် သင့်မသိစိတ်က အဲဒီလူနဲ့ စကားပြောချင်နေတယ်၊ အဲဒီလူပြောတဲ့ ဟာသတစ်ခုခုကို ကြားချင်နေတယ်။ ဒါကို အချစ် လို့ ကျွန်တော် မဟုတ်တမ်းတရား မစွပ်စွဲလိုဘူး။ ဒါပေမယ့် ခင်ဗျားအနေနဲ့ သူ့အနားမှာ နေနေရတာကို ပျော်နေတတ်ပြီဆိုရင်တော့ ခင်ဗျား သူ့ကို ချစ်နေမိပြီပေါ့။
(ဒီနေရာမှာ စိတ်ရဲ့ သာယာမှာ ပျော်တတ်တဲ့ သဘောသဘာဝကို နားလည်ပါ။) ကျွန်တော်ပြောချင်တာက စိတ်ဖိစီးစရာတွေနဲ့ မပျော်မရွှင်ဖြစ်နေတဲ့ ခင်ဗျားကို ပျော်အောင်လုပ်ပေးနိုင်တဲ့သူတစ်ယောက်က သူ့ရဲ့ ရယ်စရာကောင်းတဲ့ဟာသတွေနဲ့ ခင်ဗျားကို ချဉ်းကပ်လာတဲ့အခါ သူနဲ့ခင်ဗျားကြားမှာ ခင်ဗျားကိုယ်တိုင် လိုလိုလားလားနဲ့ ကြိုးတစ်ချောင်း ချည်နှောင်လိုက်မိသွားနိုင်ပါတယ်။
စဉ်းစားစရာ နောက်ထပ်တစ်ခု ပေးမယ်ဗျာ။ ကိုယ့်ကို ရယ်အောင်လုပ်နိုင်တဲ့သူက ကိုယ့်အတွက် အရေးကြီးတယ်ဆိုပေမယ့်လို့ အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကို ပြန်ရယ်အောင် လုပ်နိုင်တဲ့သူကို ရှာဖွေဖို့ပါ။ (ကိုယ့်ဒုက္ခ၊ ကိုယ့်ပြသနာတွေကို သူ့ကို ကိုယ်ကပြန်ပြောပြတဲ့အခါ ကိုယ့်ပြောပုံက သူ့အတွက် ရယ်စရာမောစရာဖြစ်နိုင်မလား။ သူ့ကြောင့် ကိုယ်စိတ်မညစ်ရသလို၊ ကိုယ့်ကြောင့်လည်း သူစိတ်မညစ်စေချင်ဘူးဆိုတဲ့စိတ်ကလေး ရှိနိုင်မလား။) လုပ်မကြည့်ရသေးတဲ့အချိန်မှာတော့ ခက်ခဲလိုက်တာလို့ ထင်ချင်စရာပါပဲ။

ကျွန်တော့် အကိုတစ်ယောက်ရှိတယ်။ ကြည့်လိုက်ရင် သူ ဘ၀ကိုဖြတ်သန်းနေပုံဟာ သိပ်ကို ပေါ့ပါးလွန်းတယ်လို့ ထင်ချင်စရာရှိပေမယ့် သူ့ကိုတွေ့လိုက်ရင် အမြဲ ဟာသနဲ့ပါ။ သူဟာ သူ့အနီးအနားက သူသံယောဇဉ်ရှိတဲ့သူတွေကို ပျော်အောင်ထားနိုင်တယ်။ သူ့အမျိုးသမီးဟာ သူ့ထက် အသက်ငယ်ပေမယ့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးမှာ ပျော်စရာကောင်းတဲ့ စကားတွေ၊ စိတ်ကြည်နူးစရာ ဘ၀အတွေ့အကြုံတွေနဲ့ တည်ဆောက်ထားတာမို့ သားလေးတစ်ယောက်နဲ့အတူ အေးအေးချမ်းချမ်း ဖြတ်သန်းနေတာကို မြင်နေရတယ်လေ။ နောက်ထပ် သက္ကရာဇ်တွေ ကုန်ဆုံးသွားပြီးတဲ့အခါမှာလည်း ကျွန်တော့်မရီးဟာ ကျွန်တော့်အကိုနားမှာ ပျော်နေဦးမှာပါပဲ။

ဒါ့ကြောင့် နောက်တစ်ခေါက် သင် သွားရင်လာရင်း သမင်မျက်လုံးတို့၊ သန္တာရောင်နှုတ်ခမ်းတို့ ဒါမှမဟုတ် စွဲမက်စရာအကြည့်တို့၊ အားကိုးလောက်စရာ ရဲရင့်တဲ့ဟန်ပန်တို့ကို တွေ့တဲ့အခါ ချက်ချင်းကြီး ကြွေကျမသွားနဲ့ဦးနော်။ သူတို့က ခင်ဗျားကို မတို့မထိဘဲ ရယ်အောင်လုပ်နိုင်လားဆိုတာ အရင်ကြည့်လိုက်ပါဦးလေ။

လူစိုး
The Rules of Love - Richard Templar ကို မှီငြမ်းသည်။


Saturday, March 9, 2013

ဥပဒေသ(၄) နဖူးစာက သူ့အလုပ်သူလုပ်တယ်

ရိုးရိုးသားသား ၀န်ခံရရင် ဒါ တကယ်ကော အလုပ်ဖြစ်ပါ့မလားလို့ ကျွန်တော် တစ်ခါတစ်လေ သံသယဖြစ်မိတယ်။ လူတစ်ချို့ကတော့ မြင်လိုက်တဲ့ခဏမှာပဲ ဒီလူဟာ သူတစ်သက်လုံး ရှာနေတဲ့ သူ့ဘ၀ရဲ့ လက်တွဲဖော်ပဲဆိုတာ တန်းသိကြတယ်တဲ့။ ဒါပေမယ့် လူတိုင်း ဒါမျိုးမဖြစ်နိုင်ဘူးလေ။

အဓိကအချက်က ခင်ဗျားအနေနဲ့ သူဟာ မှန်ကန်တဲ့တစ်ယောက်လို့ မသေချာရင်၊ ဘ၀ကို ပုံအောပြီး လောင်းကစားလုပ်မပစ်လိုက်နဲ့ပေါ့။ ဘာ့လို့ဆိုတော့ သူကသာ The right ONE ဆိုတာ သေချာရင် အချိန်နည်းနည်းယူရမယ်ဆိုရင်တောင် ခင်ဗျား သိလာမှာမို့ပါ။ တစ်နည်းပြောရရင်၊ ချက်ချင်းပဲဖြစ်ဖြစ် အချိန်ယူပြီးတော့မှဖြစ်ဖြစ် ခင်ဗျားအတွက် မှန်တယ်၊ မမှန်ဘူးဆိုတာ သိလာမှာပါပဲ။

ဘ၀ကို ပုံအောပေးလိုက်တယ်ဆိုတဲ့ကိစ္စမှာ လူတစ်ချို့က တစ်မျိုးတွေးနိုင်ပေမယ့် အရေးကြီးတာက ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ခင်ဗျားမသေချာမချင်း ပုံအပ်မပစ်လိုက်ဖို့ပဲ။ ဒါကို “commitment” လို့ ခေါ်ပါတယ်။ သေချာပြီဆိုရင်လည်း လူနှစ်ယောက်စိတ်တူကိုယ်တူ တည်ဆောက်ထားတဲ့ ဆက်ဆံရေးမှာ တစ်ယောက်ယောက်က လိုအပ်သလောက် ပုံအပ်မှုမရှိဘူးဆိုရင် ပြသနာရှိနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ အချစ်ဆိုတာ အပေးအယူမဟုတ်ဘူး ဆိုရင်တောင် အသွားအပြန်သဘော ရှိနေပြန်တယ်လေ။ အိမ်ထောင်ရေးအဆင်မပြေတဲ့သူ ဘယ်နှစ်ယောက်ဆီက “သိလား၊ မင်္ဂလာဆောင်နေ့ကတည်းက ငါလုပ်နေတာ ဟုတ်ရောဟုတ်ရဲ့လားမသိဘူးလို့ တွေးနေမိတာ” လို့ ပြောတာမျိုး ကြားဖူးရသလဲ။

ကဲ၊ ကျွန်တော် ပြောနိုင်ပါ့ဗျား။ မင်္ဂလာဆောင်တဲ့နေ့အထိ ငါလုပ်တာ ဟုတ်ရောဟုတ်ရဲ့လားလို့များ ခင်ဗျားတွေးနေမိရင်၊ ခင်ဗျားလုပ်နေတာ မဟုတ်ပါဘူး။ ခင်ဗျားလုပ်နေတာ အမှားအကြီးကြီးပါ။
လက်ထပ်ခြင်း +/- ကလေးတွေဆိုတာ ခင်ဗျားအနေနဲ့ သင့်တော်တဲ့လူလို့ တကယ်မသေချာတဲ့ လူတစ်ယောက်နဲ့ တည်ဆောက်ဖို့ဆိုတာ သိပ်ကိုခက်ခဲပါလိမ့်မယ်။ မသေချာဘဲ ဇွတ်ဝင်တိုးရင် ခင်ဗျား ရူးနေလို့ပါပဲ။

အစမှာ ခင်ဗျားအနေနဲ့ ဟုတ်ပါ့မလားလို့ မသေမချာဖြစ်တာဟာ ပုံမှန်ပါ။ ဒီအချိန်ဟာ နဂိုက သံသယကြီးတတ်သူတစ်ယောက်အတွက် လနဲ့ နှစ်နဲ့ချီပြီး ကြာချင်လည်း ကြာသွားနိုင်တယ်။ စိတ်ကို အေးအေးထားပါ။ ခင်ဗျားမသေချာမချင်း၊ တစ်သက်လုံးအတွက် ပုံအပ်မပစ်လိုက်နဲ့ဦး။

ခင်ဗျား လက်တွဲဖော်က ခင်ဗျားအရင်တောင် ပိုသေချာချင် သေချာနေဦးမှာ။ ဒါပေမယ့် ခင်ဗျား အဆင်သင့်မဖြစ်သေးခင်မှာ မြန်မြန်ဆုံးဖြတ်ချက်ချဖြစ်အောင် ဖိအားပေးတာမျိုး အဖြစ်မခံပါနဲ့။ ကိုယ့်စိတ်နဲ့၊ ကိုယ့်အသိအညဏ်ကို လေးစားတတ်ဖို့ နားလည်အောင် ပြောပြပါ။ တစ်ယောက်ဆုံးဖြတ်ချက် အမှားလုပ်မိရင် နှစ်ယောက်လုံး နစ်နာမယ်ဆိုတာ သူသိသင့်ပါတယ်။

တကယ်လို့ သူဟာ ခင်ဗျားနဲ့အတူ ဘ၀ကို အတူတူဖြတ်သန်းမယ့်သူဆိုတာ သေချာသွားရင်၊ “ငါမသိဘူးလေ၊ ဖြစ်မှ ဖြစ်ပါ့မလား”လို့ ခင်ဗျားမပြောတော့ဘူး။ ဖြစ်သွားမှာပါ။ နဖူးစာကို ယုံကြည်လိုက်စမ်းပါလေ။

လူစိုး

The Rules of Love - Richard Templar ကို မှီးပါတယ်။

ဥပဒေသ(၃) စိတ်ချမ်းသာဖို့ လိုရင်းဖြစ်တယ်

        အမြဲတမ်း တစ်ယောက်မဟုတ် တစ်ယောက်နဲ့ တွဲနေတတ်တဲ့မိန်းမတစ်ယောက်ကို ကျွန်တော် တွေ့ဖူးတယ်။ ဒါမျိုးကတော့ ခင်ဗျားလည်း သိတဲ့အတိုင်း ၀မ်းဂိုး.. တူးကမ်းပုံစံပေါ့။ တစ်ခါတော့ မနေနိုင်လို့ ကျွန်တော် မေးကြည့်မိတယ်။ ဘာလို့ ဒီလိုတွေ လုပ်နေသလဲပေါ့။ “သူ တစ်ယောက်တည်း မနေတတ်လို့ပါ”တဲ့။ မနေတတ်လို့ မနေရအောင် လုပ်ထားရတယ်ပေါ့။ ကျွန်တော့်စကားနဲ့ပြောရရင် “ဒို့များက ချစ်ကံခေသကိုး”ပေါ့ဗျာ။
        နောက်ထပ် ဥပမာတစ်ခု ထပ်ပေးပါဦးမယ်။ ဒါမျိုးကိုတော့ သူတို့ဆီမှာ emotionally-dependent ဖြစ်တယ်လို့ ခေါ်ကြပါတယ်။ “နင် ကောင်းကောင်းနေပါ။ ငါက စိတ်ပူပန်တတ်တယ်။ နင် တစ်ခုခုဆို ငါစိတ်ပူရလို့ သေတော့မယ်။” ဆိုတဲ့စကားမျိုးကို ပြောတတ်တဲ့ ယောက်ျားမိန်းမ သူသူငါငါဟာ စိတ်ခံစားချက်အရ တစ်ပါးသူအပေါ်မှာ မှီခိုနေသူတွေပါပဲ။ တစ်နည်းအားဖြင့် “ငါ စိတ်ချမ်းသာဖို့ မင်းမှာ တာဝန်ရှိတယ်”ဆိုတဲ့ အဓိပ္ပါယ်ပဲလေ။
       ရိုးရိုးလေးပဲ စဉ်းစားကြည့်စမ်းပါ။ ကိုယ်စိတ်ချမ်းသာဖို့ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။ ကိုယ်ကိုယ်တိုင်ပဲ မဟုတ်ဘူးလားဗျာ။ လူတစ်ယောက်ကို ချစ်မိတဲ့အတွက် သူ့ကြောင့် ပျော်ရွှင်တာတွေ၊ ၀မ်းနည်းတာတွေ ရှိနိုင်ပေမယ့် စိတ်ချမ်းသာတယ်ဆိုတဲ့ကိစ္စဟာ သာမန်ရီဟယ်၊ ငိုဟယ်ကိစ္စထက် အများကြီး ပိုပြီးလေးနက် ရှုပ်ထွေးပါတယ်။
       ဖုန်းဆက်ရမယ့်အချိန်မှာ မဆက်တဲ့ ခင်ဗျားချစ်သူကို ခင်ဗျားအနေနဲ့ စိတ်ဆိုးချင် ဆိုးခွင့်ရှိတယ်။ ညဘက် အိမ်ပြန်ရောက်ရမယ့်အချိန်မှာ မရောက်သေးတဲ့ ခင်ဗျားချစ်သူကို ခင်ဗျားအနေနဲ့ စိတ်ကောက်ချင် ကောက်ခွင့်ရှိတယ်။ ဒါပေမယ့် “င့ါကို စိတ်ချမ်းသာအောင် ထားပါ”လို့တော့ ခင်ဗျား တောင်းဆိုခွင့်မရှိဘူး။
       ခင်ဗျားစိတ်မချမ်းမသာဖြစ်နေတဲ့အချိန်မှာ ခင်ဗျားချစ်သူက ခင်ဗျားဘေးမှာ ခင်ဗျားပျော်အောင် ဘာတွေပဲ လာလုပ်ပြနေပါစေ၊ ခင်ဗျား ခဏလောက် ပြုံးဖြစ်ချင် ပြုံးဖြစ်မယ်.. တကယ် စိတ်မချမ်းသာနိုင်ပါဘူး။ ရှင်းပါတယ်နော်၊ ခင်ဗျားစိတ်ချမ်းသာဖို့ တာဝန်အရှိဆုံးလူဟာ ခင်ဗျားကိုယ်တိုင်ပဲ။
      ပထမဥပမာက အမျိုးသမီးဟာ စိတ်မချမ်းမသာဖြစ်နေရတဲ့အပေါ်မှာ ရောဂါကို ပျောက်အောင်မကုဘဲ
ဝေဒနာသက်သာအောင်သာ လုပ်နေသလို ဖြစ်နေတာပါ။ သူတစ်ယောက်တည်း နေရတာဟာ မလုံခြုံဘူးလို့ ခံစားရတဲ့အတွက် သူ့အနားမှာ အမြဲလို အဖော်တစ်ယောက်ရှိနေအောင် လုပ်နေတာပဲလေ။
     ဒီဥပဒေသရဲ့ အဓိကအချက်က တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ နှစ်ယောက်ပဲဖြစ်ဖြစ် စိတ်ချမ်းသာအောင် နေတတ်ဖို့က အဓိကပဲဆိုတာ ပြောလိုခြင်းဖြစ်ပါတယ်။ တစ်ယောက်တည်း မနေရဲလို့၊ မနေတတ်တော့လို့ စိတ်ဆင်းရဲခံပြီး တခြားလူတစ်ယောက်ရဲ့ အဖော်လုပ်ပေးနေစရာ မလိုဘူးလေ။ ခင်ဗျား စိတ်မှာ ချမ်းသာနေတဲ့အခါ တစ်ယောက်တည်း နေရရင်လည်း ပျော်တယ်။ ခင်ဗျား ချစ်တဲ့သူနဲ့ နေရတဲ့အခါ ပိုပျော်တယ်။ ဒါပဲလေ။

လူစိုး
The Rule of Love - Richard Templar ကို မှီးပါတယ်။

    

Friday, March 8, 2013

ဥပဒေသ(၂) ငါးစိမ်းမမြင်ခင်ကတည်းက ငါးကင်ကိုအရင်ပြစ်ရမှာ

         ဘ၀မှာ ဒဏ်ရာတွေရခဲ့ဖူးကြမှာပေါ့။ ရှောင်လွှဲလို့မှ မရနိုင်ဘဲလေ။ ကျွန်တော်တို့ထဲက တစ်ချို့ဆို ကျန်တဲ့သူတွေထက် ပိုဆိုးဆိုးရွားရွား ခံခဲ့ရတာတွေရှိတယ်။ ဒါပဲလေ.. အမာရွတ်တွေက ကျွန်တော်တို့ကို ပုံဖော်သွားတာ၊ နောက်အချိန်ကြာသွားရင် ဒါတွေက ဘာမှ မဟုတ်တော့ပါဘူး။ ခုလောလောဆယ်တော့  ကျွန်တော်တို့ နောက်တစ်ခေါက် ဘ၀ထဲကို ပြန်မ၀င်ခင်မှာ အနာမြန်မြန်ကျက်ဖို့ လိုနေပါတယ်။ အချစ်ဆိုတာ အမြစ်ကနေတောင် အပွင့်ပွင့်ပြတတ်တဲ့ အပင်မျိုးပါ။ ဒါကို နားလည်မှာပါ။
         တကယ်လို့ ခင်ဗျားရဲ့ရှေ့က relationship တစ်ခု(ဒါမှမဟုတ် နှစ်ခု)မှာ ခင်ဗျား စိတ်ခံစားချက်တွေ သုံးစားမရအောင် ပျက်စီးသွားပြီဆိုရင်၊ နောက်ထပ် လက်တွဲဖော်တစ်ယောက်ကို မရှာခင် ခင်ဗျားလုပ်ရမှာ ထိခိုက်ဒဏ်ရာတွေကို အရင်ပျောက်အောင် ကုသဖို့ပဲ။ ဒီလိုမှမဟုတ်ရင် ခင်ဗျားရဲ့ စစ်မှန်တဲ့ကိုယ် ကို
ထုတ်ပြနိုင်မှာ မဟုတ်သလို၊ ခင်ဗျားခံစားချက်တွေနဲ့ ခင်ဗျား အချိန်တွေကုန်နေဦးမှာမို့ နောက်လူကိုလည်း ခင်ဗျား အာရုံစိုက်နိုင်ဦးမှာမဟုတ်ဘူးလေ။
         relationship အသစ်မှာ ခင်ဗျား အမှားလုပ်မိရင် (ဖြစ်လည်းဖြစ်တတ်တယ်)၊ အရင်ဟာတွေထက် ခင်ဗျား ပိုနာကျင်ရလိမ့်မယ်။ တကယ်လို့ တကယ်ဂရုစိုက်တတ်တဲ့၊ ချစ်တတ်တဲ့လူတစ်ယောက်နဲ့ ဆုံခွင့်ရခဲ့တာဆိုရင်တော့၊ ခင်ဗျားတို့နှစ်ယောက်ထဲက တစ်ယောက်ဟာ relationship အသစ်တစ်ခု စတင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့အချက်က ခင်ဗျားတို့နှစ်ယောက်လုံးကို ထိခိုက်စေပါလိမ့်မယ်။
      ဆက်ဆံရေးတစ်ခုကနေ အဆင်မပြေဖြစ်ပြီး စိတ်တွေအသားကုန်ကျခဲ့တဲ့ သူငယ်ချင်းမတစ်ယောက် ရှိတယ်။ သူဟာ ကြင်နာတတ်တဲ့၊ ဂရုစိုက်တတ်တဲ့၊ ကာကွယ်ပေးတတ်တဲ့ ယောက်ျားတစ်ယောက်နဲ့ ထပ်တွေ့ပါတယ်။ သူလိုအပ်နေတယ်လို့ ထင်တဲ့ယောက်ျားမျိုးပေါ့။ နောက်နှစ်တွေမှာ သူ့ကို သန်မာတဲ့၊ လွတ်လပ်တဲ့မိန်းမတစ်ယောက်ဖြစ်လာတဲ့အထိ သူကစောင့်ရှောက်ပေးခဲ့ပါတယ်။ ပြီးတော့ ဘာဖြစ်သွားလဲ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို လုံးဝသတ်ပစ်လိုက်ပါတယ်။ သူငယ်ချင်းမဟာ ဟိုလူချစ်ခဲ့တဲ့ အမျိုးသမီးမဟုတ်တော့ဘူးလေ။ ယောက်ျားအများစုက စိတ်ဓာတ်ခိုင်မာတဲ့၊ လွတ်လပ်တဲ့ မိန်းမတစ်ယောက်ကို လိုချင်ကြပေမယ့် သူက အဲဒီအုပ်စုထဲမှာ မပါဘူး။ သူက ထိခိုက်ကြေကွဲလွယ်ပြီး ဂရုစိုက်ဖို့လိုအပ်နေတဲ့ မိန်းမမျိုးကိုပဲ သဘောကျတာလေ။
       ဒါဟာ အန္တရာယ်ပါပဲ။ ခင်ဗျားအနေနဲ့ ခင်ဗျားအတွက် ပြည့်စုံကောင်းမွန်တဲ့ ဘ၀လက်တွဲဖော်တစ်ဦး ရှာတွေ့ပြီဆိုရင်တောင်မှ၊ သူက ခင်ဗျားရဲ့ ခုလက်ရှိကို လက်ခံသူ၊ ခင်ဗျား ပြင်ဆင်ပြီး ဖြစ်လာမယ့်သူကို ရှာနေတာမဟုတ်ဘူးလေ။ ဒီလို ဆက်ဆံရေးမျိုးတွေဟာ ဘယ်တော့မှ အလုပ်မဖြစ်ဘူးလို့ မပြောဘူးနော်၊ ဒါပေမယ့် အရမ်း၊ အရမ်းကို ရှားပါတယ်။
      ဒါ့ကြောင့် ကိုယ့်မျက်နှာကိုယ် အရင်ကြည့်ပါ။ ဒဏ်ရာတွေမကျက်သေးရင်လည်း တစ်နေရာရာကို ထွက်သွားပြီး ပုန်းနေလိုက်ပါ။ သူငယ်ချင်းတွေနဲ့ မိသားစုတွေနဲ့ ပျော်အောင်နေပြီး အဆင်သင့်ဖြစ်တဲ့အထိ ခင်ဗျား နောက်တစ်ယောက်ရှာမတွေ့ခင် စောင့်လို့ရတာပဲလေ။ ရှာရင်လည်း အနာကျက်လုနီးနီး လူတစ်ယောက်ဆို ပိုကောင်းမှာပါ။ ဘာ့လို့ဆိုတော့ နှစ်ဦးနှစ်ဖက်အတွက် နစ်နာစရာလည်းမရှိ အဆင်ပြေနိုင်တယ်လေ။ ရှေ့မှာရေးခဲ့တဲ့ ဥပဒေသ(၁)နဲ့ တွဲလိုက်ပါ။ ခင်ဗျားတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အရှိအရှိအတိုင်း မြင်နိုင်မယ်၊ ခင်ဗျားတို့ရဲ့ အချစ်ရေးကိုလည်း ခင်ဗျားတို့လိုချင်တဲ့ ပုံစံအတိုင်း ရှေ့ဆက်နိုင်မယ်လေ။

လူစိုး
        

Thursday, March 7, 2013

ဥပဒေသ (၁) ကိုယ့်အထာနဲ့ကိုယ်

           ခင်ဗျား အမှန်တစ်ကယ် သဘောကျတဲ့သူတစ်ယောက်ကို တွေ့တဲ့အခါ ခင်ဗျားကိုခင်ဗျား အသစ်ပြန်လည်မွေးဖွားဖို့ ကြိုးစားဖူးသလား။ ဒါမှမဟုတ် ခင်ဗျားစိတ်ထဲက သူသဘောကျမယ်ထင်တဲ့ ပုံစံတစ်ခုခုကို ပြောင်းလဲဖို့ ကြိုးစားဖူးသလား။ ခင်ဗျားဟာ (သူ့အကြိုက်) သိပ်ကို ဆန်းကြယ်တဲ့သူ၊  ဆုံးဖြတ်ချက်ခိုင်မာတဲ့သူ၊ တည်ငြိမ်တဲ့သူ ဒါမှမဟုတ် အံ့သြစရာအပြည့်နဲ့သူ ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ 
           အနည်းဆုံးတော့ ကာလံဒေသံ မသင့်တော်တဲ့ အခိုက်အတန့်တွေမှာ ဟာသတွေလုပ်ပြီး ကိုယ့်အရှက်ကိုပြန်ခွဲနေတာမျိုးကိုသော်လည်းကောင်း၊ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ
နုံချာပျော့ညံ့နေတာမျိုးကိုသော်လည်းကောင်း ရပ်တန့်ပစ်လိုက်နိုင်မှာပါ။
           တကယ်တော့.... ခင်ဗျား မရပ်ပစ်နိုင်ဘူး! အလွန်ဆုံး ခင်ဗျား ထိန်းထားနိုင်ရင် တစ်ညနေ၊ နှစ်ညနေ ဒါမှမဟုတ်ရင် တစ်လ၊နှစ်လပေါ့။ တစ်သက်လုံး ဒီအတိုင်းနေသွားဖို့ဆိုတာကတော့ 
သိပ်ကိုခက်နေလိမ့်မယ်။ တကယ်လို့ ခင်ဗျားအနေနဲ့ ဒီတစ်ယောက်ဟာ သေချာတဲ့တစ်ယောက်.. ခင်ဗျားသဘောပေါက်တယ်မလား.. The ONE .. ဆိုရင် ခင်ဗျားဘ၀ရဲ့ နောက်လာမယ့် ရာစုနှစ်တစ်ဝက်လောက်ကို သူနဲ့အတူတူ ကုန်ဆုံးရမယ်ဆိုတာ ခင်ဗျားသဘောပေါက်မှာပါ။ စဉ်းစားကြည့်စမ်းပါ၊ နှစ်ငါးဆယ်လောက်ကို ခင်ဗျားရဲ့ပင်ကိုယ်စရိုက်တွေကို သူမသိအောင် ချိုးနှိမ်ပြီး ဟန်ဆောင်နေရမယ့်အဖြစ်ဟာ ဘယ်လောက် စိတ်ဆင်းရဲစရာကောင်းလိုက်မလဲ။
           ဒီလိုတော့ ဖြစ်မယ်မထင်ပါဘူး၊ ဟုတ်တယ်မလား။ ခင်ဗျားဘ၀ရဲ့ အချိန်တွေကို ခင်ဗျားကိုယ်တိုင် ဖန်တီးထားတဲ့ အတုအယောင်ကိုယ်ရည်ကိုယ်သွေးတစ်ချို့နောက်မှာ ငုတ်လျှိုးပျောက်ကွယ်သွားစေမလား။ မှန်းဆကြည့်ကြရအောင်ပါ။ ခင်ဗျားချစ်တဲ့သူကို စွန့်လွှတ်လိုက်ရမှာ မခံနိုင်လို့ လုံးဝခင်ဗျားမဟုတ်တဲ့ ပုံစံတစ်ခုကို ပေးမသိဘဲ ဘယ်လို၊ ဘယ်လောက်ကြာကြာထားမလဲ။ တစ်ပတ်၊ တစ်လ၊ တစ်နှစ်အတွင်းမှာ သူသိသွားလို့ ခင်ဗျားအထုပ်ပြည်သွားမယ်ဆိုရင်ကော။ သူ့အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်သလို ကိုယ်မြတ်နိုးမိတဲ့သူက ခုလိုမျိုး တစ်လျှောက်လုံးသရုပ်ဆောင်ပြသွားတယ်ဆိုတာကို သိလိုက်ရတာ ကိုယ်ကိုယ်တိုင်ဖြစ်နေလည်း လက်ခံနိုင်မှာ မဟုတ်ဘူးလေ။ 
           ခင်ဗျားအနေနဲ့ စာမျက်နှာသစ်ကို မဖွင့်သင့်ဘူးလို့ ကျွန်တော် ပြောချင်တာမဟုတ်ဘူးနော်။ ကိုယ့်ကိုယ်ကိုယ်တော့ အတတ်နိုင်ဆုံး မြှင့်တင်ပြောင်းလဲရမှာပါ။ အချစ်ကိစ္စတစ်ခုထဲသက်သက်တင်မက၊
ဘယ်အချိန်မှာမဆို ဒါမျိုးကတော့ လုပ်နေရမှာပါပဲ။ သေချာတာကတော့ ခင်ဗျား ခုလက်ရှိထက် နည်းနည်းပိုပြီး အခြေကျလာရမယ်၊ အဆိုးမြင်တာတွေ လျှော့ရမယ်။ (အသေးစိတ်တွေ နောက်မှ ဆွေးနွေးကြတာပေါ့။) 
           ခင်ဗျားရဲ့ အမူအရာတွေကို ပြောင်းတာဟာ ကောင်းတဲ့အလုပ်ပါ။ ဒီဥပဒေသက ခင်ဗျားရဲ့ ကိုယ်ရည်ကိုယ်သွေး/စရိုက်လက္ခဏာကို မပြောင်းဖို့သာ ပြောတာပါ။ အလုပ်မဖြစ်လို့ပါ။ အလုပ်ဖြစ်ဖို့ ကြိုးစားနေရင်းနဲ့ ခင်ဗျားကြိုးနဲ့ ခင်ဗျားပြန်ချည်နှောင်မိသွားနိုင်လို့ပါ။
           ဒါကြောင့် ကိုယ့်ပုံစံအတိုင်းပဲ ရှိပါစေ။ အားလုံးကို အရှိအရှိအတိုင်း ဖွင့်ချပြလိုက်ပါ။ ကိုယ့်ပုံစံဟာ သူရှာနေတာမျိုးမဟုတ်ဘူးဆိုရင်လည်း အနည်းဆုံးတော့  သူသိမသွားခင်
 နောက်ဆုတ်လိုက်ဖို့ ခင်ဗျား သိပ်နောက်မကျသေးဘူးပေါ့။ ပြီးတော့ ခင်ဗျားသိလား၊ လူတွေက ဆန်းဆန်းပြားပြားတွေကို တကယ်တော့ မကြိုက်ကြပါဘူး။ ခင်ဗျားအနေနဲ့ သိပ်ကို ဆုံးဖြတ်ချက်တွေ ပြတ်သားလွန်းလို့ တစ်ခါတစ်ရံမှာ ခေါင်းမာလွန်းတယ်လို့ ပြောချင်ပြောကြလိမ့်မယ်။ ခင်ဗျားဟာ ဟာသတွေ ပြောတတ်၊လုပ်တတ်လွန်းလို့ တစ်ခါတစ်ရံမှာ အလေးအနက်ထားတတ်ရဲ့လားလို့ သံသယ၀င်ချင် ၀င်ကြပါလိမ့်မယ်။ ခင်ဗျားဟာ သိပ်ကို အေးအေးနေတတ်လွန်းလို့ လောကကြီးအကြောင်း ဘာသိလဲလို့ မေးချင်မေးကြပါလိမ့်မယ်။ 
          ထားလိုက်ပါ။ ခင်ဗျားမှာ ခင်ဗျားရဲ့ပုံစံတစ်ခု ရှိနေသရွေ့ ခင်ဗျားရဲ့ ပင်ကိုယ်စရိုက်လက္ခဏာနဲ့ ကိုက်ညီတဲ့တစ်ယောက်ကို တစ်ချိန်ချိန်မှာ ခင်ဗျား တွေ့ပါလိမ့်မယ်။ 
         ခင်ဗျား အတုလုပ်ထားမိရင်လည်း ခင်ဗျားမဟုတ်တဲ့သူတစ်ယောက်နဲ့ ထိုက်တန်တဲ့သူကို ခင်ဗျား ချဉ်းကပ်မိနေတယ်ဆိုတာလည်း ခင်ဗျား မြင်လာပါလိမ့်မယ်။ ဒါဟာ ဘာများအကျိုးရှိပါမလဲလေ။ 
         အပြင်လောက တစ်နေရာရာမှာ လက်ရှိခင်ဗျားပုံစံအတိုင်းကို လိုချင်နေတဲ့သူ တစ်ဦးတစ်ယောက်တော့ ရှိနေမှာပါ။ အဲ့ဒီတစ်ဦးတစ်ယောက်ဟာလည်း ခင်ဗျား မှားနေကျ အမှားတွေ၊ လွဲနေကျ အလွဲတွေကို လက်ခံနိုင်တဲ့သူဆိုတော့ ခင်ဗျားအတွက် လုံလောက်ပါတယ်။ 
         တစ်ခုပဲ မှာလိုက်ပါရစေ။ သူက ခင်ဗျားရဲ့ ပေါက်တတ်ကရတွေ၊ အလွဲလွဲအချော်ချော်တွေကို အမှားတွေ၊ အလွဲတွေလို့ မြင်မှာမဟုတ်ပါဘူး။ ခင်ဗျားမှာပဲရှိတဲ့ ချစ်စရာကောင်းတဲ့ စွဲဆောင်မှုလို့ပဲ မြင်ပါလိမ့်မယ်။ သူထင်တာ မှန်ပါတယ်လေ...။      ။

လူစိုး
The Rules of Love - Richard Templar ကို အဓိကမီငြမ်းထားတာပါ။ သူ့ဟာများများ၊ ကိုယ့်ဟာနည်းနည်းပေါ့။ :)